စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ စပါး၊ ဝါသီးနှံနှင့် ဆီထွက်သီးနှံစိုက်ဧကပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မုံရွာ စက်တင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိရာတွင် သီးနှံစိုက်ပျိုးရာသီအလိုက် လျာထားဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေးသည် ခြေခံကျသည့် အဓိကလုပ်ငန်းတစ်ခုဖြစ်ခြင်းကြောင့် ယခုမိုးရာသီတွင် စိုက်ပျိုးလျက်ရှိသည့် စပါး၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံအပါအဝင် သီးနှံမျိုးစုံလျာထားချက်ထက် ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ စပါး၊ဝါသီးနှံနှင့် ဆီထွက်သီးနှံ စိုက်ဧကပြည့်မီရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂ ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီးတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးအား အဓိကအားပြုလုပ်ကိုင်ဆောင်ရွက်နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးလျက်ရှိသည့် စပါး၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံအပါအဝင် သီးနှံမျိုးစုံအား စိုက်ဧကလျာထားချက်ပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အား ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည် မှန်းချက်အတိုင်းထွက်ရှိအောင်ဆောင်ရွက်နိုင်မှသာ တိုင်းဒေသကြီးအတွင်း ဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်မည်ဖြစ်ပါကြောင်း၊ ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံပိုင်၊ ပုဂ္ဂလိကချည်မျှင်နှင့် အထည်စက်ရုံများ၏ ဝါဂွမ်းလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်သည့်အပြင် ပိုလျှံသည့်ဝါဂွမ်းများအား ပြည်ပသို့တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိမည်ဖြစ်သည့်အပြင် ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်မည် ဖြစ်ပါကြောင်း၊

တိုင်းဒေသကြီး၏ မိုးစပါး၊ ဝါသီးနှံနှင့် ဆီထွက်သီးနှံ စိုက်ဧကများ လျာထားချက်ပြည့်မီရေးနှင့် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တိုင်းဒေသကြီး၏ လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းပြီး အလေးထား ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ဌာနအသီးသီး၏ လိုအပ်ချက်များအားဖြည့်ဆည်း၍ တိုင်းဒေသကြီး၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအား ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 ယင်းနောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ စပါး၊ဝါသီးနှံနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးထားရှိမှုများအား လည်းကောင်း၊ တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ကတိုင်းဒေသကြီး စိုက်ပျိုးလယ်ယာမြေအသုံးချမှုနှင့် အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ဒုတိယညွှန်ကြားရေးမှူးတို့က တိုင်းဒေသကြီးအတွင်းရှိခရိုင်/ မြို့နယ်များသို့ စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင် ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် မုံရွာခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က မိမိတို့ခရိုင်/မြို့နယ်များအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ စပါး၊ ဝါသီးနှံနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးထားရှိမှုအခြေအနေများအား အသီးသီးရှင်းလင်း တင်ပြကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ စပါး၊ ဝါသီးနှံနှင့်ဆီထွက်သီးနှံများ စိုက်ဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် လိုအပ်သည်များကို ဖြည့်စွက်တင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)