မုံရွာ စက်တင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး Monkeypox (မျောက်ကျောက်ရောဂါ) ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၊ ဆာဆာကာဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက Monkeypox (မျောက်ကျောက်ရောဂါ) ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ (ကျန်းမာရေးကြီးကြပ်-၂) ဦးရဲလွင်ကိုက မျောက်ကျောက်ရောဂါ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ မျောက်ကျောက်ရောဂါ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ မျောက်ကျောက်ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်သော နည်းလမ်းများ၊ မျောက်ကျောက်ရောဂါ ဖြစ်ပွားသည့်နိုင်ငံများနှင့် တွေ့ရှိရသောနေရာများကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူများအနေဖြင့် သံသယဖြစ်ဖွယ် မျောက်ကျောက်ရောဂါလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်၍ စစ်ဆေးကုသမှုခံယူကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက Monkeypox (မျောက်ကျောက်ရောဂါ) ကာကွယ်ရေးနှိုးဆော်ချက် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)