စစ်ကိုင်း စက်တင်ဘာ ၂
စစ်ကိုင်းခရိုင် အဆင့်(၂၅)ကြိမ်မြောက်၊ ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီက စစ်ကိုင်းပညာရေး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာ စကားပြောကြားရာ အမျိုးသားယဉ်ကျေးမှုသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ အသက်ပင်ဖြစ်တဲ့ အတွက် အမျိုးသားယဉ်ကျေးမှုမြင့်မားလေ နိုင်ငံနှင့်လူမျိုး၏ အဆင့်အတန်းမြင့်တက်လေပင်ဖြစ် ကြောင်း၊ (၂၅)ကြိမ်မြောက်၊ ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင် ဝါသနာရှင်များအနေဖြင့် ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်ကာ ကြိုးစား ယှဉ်ပြိုင်သွားကြတာကို တွေ့ရတဲ့အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ တာဝန်ရှိသူ အနုပညာရှင်ကြီးများအနေဖြင့်လည်း ခရိုင်/ တိုင်းဒေသကြီး/ နိုင်ငံ့ဂုဏ်ဆောင်တဲ့ အနုပညာရှင်များ ပေါ်ထွန်းလာစေဖို့ ရွေးချယ်လေ့ကျင့် ပြုစုပျိုးထောင်ပေးကြပါလို့ အထူးမှာကြားလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စစ်ကိုင်းခရိုင်အဆင့် (၂၅)ကြိမ်မြောက်၊ ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် သက်ဆိုင်ရာဘာသာရပ်အလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင် ဝါသနာရှင်များအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်(ပြန်/ဆက်)