ပေါင်းတည် စက်တင်ဘာ ၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာစခန်း(ဆွယ်)ပေါင်းတည်၌ ယနေ့နံနက် ၉ နာရီက တောင်သူများအတွက် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ခရိုင် စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူး ဦးကိုကိုက သင်တန်းအဖွင့်အမှာစကားပြောကြားရာ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေးနှင့် လယ်ယာထွက်ကုန်တိုးတက်မြင့်မားရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဒေသခံတောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို လုပ်ငန်းခွင်တွင် စနစ်တကျ နည်းလမ်းမှန်ကန်ကျွမ်းကျင်စွာ သုံးစွဲတတ်စေရန်၊ စနစ်တကျချိန်ညှိတတ်စေရန်နှင့် ရိတ်သိမ်းမှုတွင် အလေအလွင့်နည်းပါးစေရေးအတွက် သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်းက သင်တန်းဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ခရိုင်ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက သင်တန်းသုံးမှတ်စုစာအုပ်များကို သင်တန်းသားများအား ပေးအပ်ခဲ့ကြသည်။ သင်တန်းသို့ သင်တန်းသား တောင်သူ ၃၂ ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း၊ သက်တန်းကာလမှာ ရက်သတ္တပတ် ၂ ပတ်ဖြစ်ပြီး စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေသား (ပြန်/ဆက်)