လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ

လိပ်သို စက်တင်ဘာ ၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  အသိပညာပေး လုပ်ငန်းများကို  စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၁ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုသည့်အတိုင်း လူတို့၏ မိတ်ဆွေစစ်များမှာ စာအုပ်များပင်ဖြစ်ကြောင်း၊ ပညာကိုလိုလျှင် စာဖတ်ကြရမည်ဖြစ်ကြောင်း၊ စာအုပ်တစ်အုပ်ကို ဖတ်နေခြင်းသည် မိမိတို့အိမ်မှ ပြတင်းပေါက်တစ်ပေါက်ကို ဖွင့်ထားခြင်းနှင့်တူပါကြောင်း၊ စာဖတ်ခြင်းသည် ကျောင်းသားလူငယ်များအတွက် စာပေသင်ကြားရာတွင် အထောက်အကူဖြစ်စေရုံသာမက အထွေထွေ ဗဟုသုတကိုလည်း ရရှိစေနိုင်ကြောင်းနှင့် စပ်လျဉ်း၍ ပညာပေး ပြောကြားခဲ့သည်။

ဆက်လက်၍ ဟောပြောပွဲအပြီးတွင်  “အသိပညာ ဗဟုသုတ ကြွယ်၀ဖို့ စာအုပ်စာပေဖတ်ကြစို့” အသိပညာပေး နံရံကပ်စာစောင်အား ပြသခဲ့ရာ ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှုမှတ်သား၍ သိရှိလိုသည်များအား မေးမြန်းခဲ့ကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)