တနင်္သာရီမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ အမျိုးသမီးအခြေခံ အပ်ချုပ်စက် ၂ လ သင်တန်းဆင်းပွဲ ကျင်းပ

တနင်္သာရီ စက်တင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ မိသားစု ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်စေရန်၊ အမျိုးသမီးများ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆင်းရဲမှုလျော့ချစေရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေကာ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် (၂) လအကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သည့် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုပညာ (အမျိုးသမီးအခြေခံအပ်ချုပ်စက်) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမအတွင်း ကျင်းပြုလုပ်ခဲ့သည်။

ပထမဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးမှူး ဦးရန်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး(ကိုယ်စား) ဦးဘိုနိုင် (အငယ်တန်းအင်ဂျင်နီယာ-၂)က သင်တန်းဆင်းပြီးနောက်ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပေးကြောင်း သိရသည်။

ထို့နောက် အမျိုးသမီးအခြေခံအပ်ချုပ်စက် သင်တန်းသူ ၁၅ ဦးတို့အား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး(ကိုယ်စား) ဦးဘိုနိုင်နှင့် ဌာနဆိုင်ရာများက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ကြ၍ ၎င်းသင်တန်းတွင် ထူးချွန်ဆုရရှိသူ မဇီဇဝါအား ဒု-ဦးစီးမှူး ဦးရန်နိုင်ဦးက ထူးချွန် ဆုငွေများကို ချီးမြှင့်ပေးအပ်ကြောင်း သိရသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သင်တန်းသူများ လက်တွေ့ချုပ်လုပ်ပြသထားသည့် အဝတ်အထည် လက်ရာများကို စိတ်ဝင်တစား ကြည့်ရှုကြရာ သင်တန်းနည်းပြ ဒေါ်အေးမြတ်သူက ရှင်းလင်းပြသပေးကြောင်း သိရသည်။

၎င်းသင်တန်းသို့ ဒေသခံအမျိုးသမီးသင်တန်းသူ ၁၅ ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၁-၇-၂၀၂၄ မှ ၃၁-၈-၂၀၂၄) နေ့အထိ (၂)လဖြစ်ပြီး သင်တန်းတွင် စက်ပစ္စည်းထိန်းသိမ်းနည်း၊ ဓါးစက် အပ်ချည်ထိုးနည်း၊ လက်ချုပ်၊ ကြယ်သီးဖောက်၊ ရိုးရိုးဇစ်တပ်နည်းနှင့် ဇစ်ပျောက်တပ်နည်း၊ (၃)လွှာ/ (၄)လွှာချိတ်ထမီ၊ ပတ်ထမီ၊ နောက်ဇစ်ရင်စေ့၊ ရင်ဆိုင်၊ ရင်ဖုံး၊ ရင်ပတ်ဆက်၊ လည်ပင်းပုံစံ အမျိုးမျိုး၊ READY MADE အင်္ကျီအမျိုးမျိုးနှင့် ပုံဆန်းချုပ်ပုံနည်းများ စသည့်တို့ကို နည်းပြဆရာမ ဒေါ်အေးမြတ်သူက ကျွမ်းကျင်တတ်မြောက်သည်အထိ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲ အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးမှူး ဦးရန်နိုင်ဦး၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းရီ၊ သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဝင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လ/ထကြီးကြပ်ရေးမှူး စောအယ်ဒိုစေး၊ သင်တန်းနည်းပြဆရာမ ဒေါ်အေးမြတ်သူ၊ သင်တန်းသူ ၁၅ ဦးနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)