ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီ မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းဆင်း

ဘားအံ စက်တင်ဘာ ၂

မိုဘိုင်းဖုန်းသည်လူသားတို့၏ နေ့စဉ်ဘဝတွင် တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ဆက်သွယ်ဆောင်ရွက်ရာတွင်လည်းကောင်း၊ လုပ်ငန်းလည်ပတ်ရာတွင်လည်းကောင်း၊ မိုဘိုင်းဖုန်းအင်တာနက် ကွန်နက်ရှင်ကိုအသုံးပြု၍ ပညာလေ့လာဆည်းပူးခြင်းနှင့် Digital နည်းပညာဖြင့်အလုပ်လုပ်ကိုင်လာခြင်းများသည်တွင် ကျယ်ခေတ်စားလာခြင်းတို့ကြောင့် ခေတ်ရေစီးကြောင်းနှင့်လျော်ညီသော မိုဘိုင်းဖုန်းပြုပြင်ရေး သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ)၌ ကျင်းပခဲ့သည်။

အဆိုပါသင်တန်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ် အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန တို့ ပူးပေါင်း၍ ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ပြည်နယ်အတွင်းရှိ မြို့နယ်များ မှ လူငယ်လူရွယ်သင်တန်းသား၊ သင်တန်း သူ(၂၀)ဦး သင်တန်းဆင်းခဲ့ကြသည်။

သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးစောထွန်းအောင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးကသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့်သင်ကြားပို့ချချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက သင်တန်းထူးချွန်ဆု ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ကာ သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်း သားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ခေတ်ရေစီးကြောင်းနှင့်လျော်ညီသော မိုဘိုင်းဖုန်းပြုပြင်ခြင်းသင်တန်းကိုသင်ကြားလိုက်ရခြင်းဖြင့် ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများရရှိလာမည်ဖြစ်ပြီးလူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်၍ ပြည်နယ်အတွင်း ကလေးအလုပ်သမားများလျော့နည်း ပပျောက်စေမည်ဖြစ်သည့်အတွက် ယခုသင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများအား ထပ်မံ၍ မိုဘိုင်းဖုန်း ပြုပြင်ရေးအဆင့်မြင့်သင်တန်း(တစ်လခွဲ)ကို ထပ်မံဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)