ရှမ်းရွာသစ်မြို့တွင် ရေကြီးနစ်မြုပ်ပြန်ကျချိန်တွင် ကျရောက်တတ်သော ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းများ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ရှမ်းရွာသစ် စက်တင်ဘာ ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် တောင်သူများ မိုးစပါးဖျက်ပိုးအန္တရာယ်မှ ကင်းဝေးစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး လုပ်ငန်းတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်မောင်က စပါးဖျက်ပိုးများဖြစ်သော ကြွက်နှင့် ခရုအန္တရာယ်မှ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ရေကြီးနစ်မြုပ်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စပါးစိုက်ခင်းများ အစားထိုး စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ရွက်လိပ်အိမ်ပိုး၊ ပိုးလောင်မီး၊ ဖြုတ်ညို၊ ငမြှောင်တောင်၊ အဝါရောင်အဆစ်ပိုးများအတွက် အသုံးပြုရမည့် ပိုးသတ်ဆေးအမျိုးအစားများ၊ ဘက်တီးရီးယားရွက်ခြောက်ရောဂါ၊ ဘက်တီးရီးယားရွက်စင်းရောဂါ၊ စပါးပင်စည်ပုတ်ရောဂါနှင့် ရွက်ဖုံးခြောက်ရောဂါများအတွက် အသုံးပြုရမည့် ပိုးသတ်ဆေးအမျိုးအစားများကို မြို့ပေါ်ရပ်ကွက်များရှိ တောင်သူများအအား အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ဝေထားသော ရေကြီးနစ်မြုပ်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့ရသော စပါးစိုက်ခင်းများ အစားထိုးစိုက်ပျိုးနိုင်ရန်အတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)