ရှမ်းရွာသစ် စက်တင်ဘာ ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင် ရှမ်းရွာသစ်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အသက်နှစ်နှစ်အောက် ကလေးငယ်များ ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်နှင့် ကျန်းမာရေးကောင်းမွန်ပြီး ဉာဏ်ရည်ထက်မြက်စေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီအချိန်က ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များ ကူးစက်ရောဂါတို့မှ ကာကွယ်ရန်နှင့် ကျန်းမာရေး အသိရှိစေရန်အတွက် ကျန်းမာရေး အသိပညာပေးခြင်း၊ ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ အသည်းရောင် အသားဝါ(ဘီ) ရောဂါ၊ ပိုလီယို အကြောသေရောဂါ၊ မေးခိုင် ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာ ချောင်းဆိုးရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် ဝက်သက် ရောဂါတို့မှ ကင်းဝေးစေရန် အသက်ပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများ ထိုးပေးခြင်းနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနအနေဖြင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်ပေးမှုလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဇင်လေး(ပြန်/ဆက်)