သရက်ချောင်း စက်တင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့် အပ်ချုပ်စက် (၂)လသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်နှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြနှင့် သင်တန်းသူ(၁၀)ဦး တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအဆင့်မြင့် အပ်ချုပ်စက်(၂)လသင်တန်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခြင်းနှင့် သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချမှုကို စနစ်တကျလေ့လာစေလိုကြောင်း၊ သင်တန်းပြီးဆုံးသွားပါက သင်တန်းမှပို့ချသော ပညာများဖြင့် မိမိကျေးရွာအထောက်အကူပြုလုပ်ငန်းများနှင့် အသက်မွေးကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်သွားစေလိုကြောင်းတိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်က သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် (Focal Ministry)ဖြစ်သည့်အားလျော်စွာ ကျေးလက် ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင်နှင့်အညီ အလုပ်အကိုင်အခွင့်အလမ်း၊ မိသားစုဝင်ငွေ တိုးပွားလာစေခြင်းနှင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကိုလျှော့ချရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့်လည်းကောင်း၊ မြို့နယ်အတွင်းရှိ ကျေးလက်နေဒေသခံပြည်သူများ အမျိုးသမီးများအတွက် စက်ချုပ်အတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေပြီး ဆင်းရဲနွမ်းပါးမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအဆင့်မြှင့် အပ်ချုပ်စက် (၂)လသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် တာဝန်ရှိသူများက အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအဆင့်မြင့် အပ်ချုပ်စက်သင်တန်းတွင် အသုံးပြုမည့် အထောက်အကူပြုပစ္စည်းများကို သင်တန်းသူများအားပေးအပ်ခြင်း၊ တာဝန်ရှိသူများက သင်တန်းသူများနှင့် အမှတ်တရမှတ်တမ်းဓါတ်ပုံရိုက်ကူးကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရပြီး တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုလေ့လာခဲ့ကြောင်း အဆိုပါသင်တန်းကိုနံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ (၁.၉.၂၀၂၄) မှ (၃ဝ.၁၀.၂၀၂၄) အထိ (၂)လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)