ပခုက္ကူ စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ယနေ့ နံနက် ၁၀ နာရီအချိန်က အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပခုက္ကူခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန္တာဦးက အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ရည်မွန်ဦးက ကလေးအလုပ်သမားများ၏အဓိပ္ပါယ်၊ ကလေးအလုပ်သမားအသက်ရွယ်နှင့် အလုပ်ချိန်သတ်မှတ်ချက်များ၊ မြို့နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ထွေးထွေးခိုင်က ကလေးအလုပ်သမားဆိုင်ရာဥပဒေများ၊ ကလေးငယ်များအား အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေသူများအား အရေးယူအပြစ်ပေးနိုင်သည့်ပြစ်မှု၊ ပြစ်ဒဏ်များ၊ ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက ကလေးငယ်၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေသည့် အလုပ်အကိုင်အမျိုးအစားများ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နုနုဝင်းက သဘာဝဘေးအန္တရာယ်ဖြစ်ပွားစဉ်နှင့် ဖြစ်ပွားပြီးနောက် ကလေးသူငယ်များအား အကာအကွယ်ပေးရေးဆိုင်ရာ နည်းလမ်းများအကြောင်းတို့ကို အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်လာသူများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး ကလေးအလုပ်သမားဥပဒေနှင့်ပတ်သက်သော အသိပညာပေးပိုစတာများ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)