စစ်ကိုင်း စက်တင်ဘာ ၁
စစ်ကိုင်းခရိုင်အဆင့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီ စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားရာ မြန်မာနိုင်ငံသည် အမျိုးသားယဉ်ကျေးမှု အစဉ်အလာကြီးမားသည့် နိုင်ငံတစ်နိုင်ဖြစ်ကြောင်း၊ မြန်မာလူမျိုးများအနေနဲ့ သမိုင်းကြောင်းနှင့်အတူ ယှဉ်တွဲဖြစ်ထွန်းလာသည့် ရိုးရာယဉ်ကျေးမှုများ၊ အနုသုခုမများ၊ ဓလေ့ထုံးတမ်းများသည် မြန်မာ့အမျိုးသားဟန်ကို ကိုယ်စားပြုသည့် ယဉ်ကျေးမှုစရိုက်လက္ခဏာများဖြစ်ကြောင်း၊ ယဉကျေးမှုနယ်ပယ်တွင် မိမိတို့၏ အမျိုးသားယဉ်ကျေးမှုများ မပျောက်ပျက်အောင် ထိန်းသိမ်းထားခြင်းသည် နိုင်ငံသားတို့၏ မျိုးချစ်စိတ်ဓာတ်ရှင်သန်မှု၊ စည်းလုံးညီ ညွတ်မှုများကိုပြသနိုင်ခြင်းဖြစ်ကြောင်း၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးရဲ့ မွန်မြတ်တဲ့ဦးတည်ချက်များအတိုင်း အသွင်သဏ္ဍာန်ရော အနှစ်သာရပိုင်းပါ ပြည့်ဝအောင်မြင်ရေး ကြိုးပမ်းကြရာမှာ ပြိုင်ပွဲဝင်အနုပညာရှင်များဖြစ်ကြောင်း ခရိုင်/ တိုင်းဒေသကြီး / နိုင်ငံ့ဂုဏ်ဆောင်တဲ့ အနုပညာရှင်များဖြစ်အောင်ကြိုးစားကြပါလို့ ပြောကြားခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ ပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
စစ်ကိုင်းခရိုင်အဆင့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် သက်ဆိုင်ရာဘာသာရပ်အလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အနုပညာရှင်များအား ညနေပိုင်းတွင် ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်