ထားဝယ်မြို့တွင် သမဝါယမအသင်းစုချုပ်၏နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ထားဝယ် စက်တင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တို့အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးသမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်စိုးမင်းက သမဝါယမအသင်းများအရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ၂၀၂၄-၂၀၂၅ ခုနှစ် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင်တင်ရေးရန်ပုံငွေမှ လယ်တစ်ဧကအထွက်နှုန်းတိုးစေရေး မိုးစပါးစိုက်ဧက ၃၉၂၄ ဧကအတွက် မျိုးစပါး/သွင်းအားစုဖိုး မတည်ပံ့ပိုးငွေကျပ် (၇၈၄.၈) သန်းနှင့် အသင်းအချင်းချင်း ပံ့ပိုးငွေဖြင့်ဧက ၅၉၂၀ ဧကအတွက် မတည်ပံ့ပိုးငွေကျပ် ၅၉၂ သန်း စုစုပေါင်းစိုက်ဧက ၉၈၄၄ ဧကအတွက် မတည်ပံ့ပိုးငွေ (၁၃၇၆.၈) သန်းအား မတည်ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားသည်။

ထို့နောက် သဘာပတိအဖြစ် တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးသိန်းဝင်းက အမှာစကားပြောကြားပြီး အမှုဆောင်များက အသင်းစုချုပ်၏ အမှုဆောင်အဖွဲ့အစီရင်ခံစာ၊ အသင်းစာရင်းစစ်အဖွဲ့ အစီရင်ခံစာနှင့် ဘဏ္ဍာရေးစာရင်းရှင်းတမ်းများကို ဖတ်ကြားတင်သွင်းခဲ့ကြပြီး အစီရင်ခံစာများ၊ နှစ်ချုပ်ဘဏ္ဍာရေးစာရင်းရှင်းတမ်းများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဆုံးဖြတ်ချက်များကို ထောက်ခံဆွေးနွေးအတည်ပြုချက်များ ရယူခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ် အသင်းဝင်မြို့နယ်၊ မြို့နယ်သမဝါယမအသင်းစု (၁၀) သင်းသို့ အစုပေါ်အမြတ်ငွေ ကျပ်သိန်း (၁၀၀) ထုတ်ပေးခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)