​​​​​​​အိမ်မဲမြို့နယ် ကျွဲလမ်းကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်လှစ်

အိမ်မဲ စက်တင်ဘာ ၁

ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျွဲလမ်းကျေးရွာဓမ္မာရုံတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါသင်တန်းတွင် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မူယာစိုး၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင်နှင့်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးအောင်မင်းသိန်းတို့က သင်တန်းဖွင့်အမှာစကားများနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကို အသီးသီး အကျယ်တဝင့်ပြောကြားခဲ့သည်။

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို သင်တန်းဆရာမ ဒေါ်ဇင်ညိုမြှင့်က အခြေခံစက်ချုပ်နည်းကို တစ်လကြာ စာတွေ့၊ လက်တွေ့သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသူ (၃၀) ဦးရှိကြောင်း၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု သင်တန်းများဖြစ်သော စက်ချုပ်သင်တန်းအပြင် အခြားသင်တန်းများကိုလည်း ဆက်လက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)