မင်းဘူး စက်တင်ဘာ ၁
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသားကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိလာသော အသိပညာဗဟုသုတများကို ပြန်လည်မျှဝေပေးနိုင်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက မင်းဘူးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်ဝိုင်းဆွေးနွေးပွဲ၊ အားကစားပြိုင်ပွဲများ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပြခန်းများ၊ စာအုပ်စာစောင်ပြပွဲနှင့် စာအုပ်အရောင်းဆိုင်များ၊ စတုဒိတာကျွေးမွေးခြင်းများ၊ ဌာနဆိုင်ရာပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ လာရောက်ပါဝင်ဆင်နွှဲကြသူများ၏ ရင်တွင်းစကားသံများကို ယခုလို ကြားသိခဲ့ရပါသည်။
ဦးသန်းဦး (ကျောင်းအုပ်ဆရာကြီး)
မင်းဘူးမြို့၊ (အ.မ.က) မြောက်ရပ်ကျောင်း
ယနေ့ကျင်းပပြုလုပ်တဲ့ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်က ကျောင်းသား၊ ကျောင်းသူတွေအတွက် စာပေအသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်စေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဲ့ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပတဲ့ ပွဲတော်ဖြစ်ပါတယ်။ ဒီပွဲမှာ တစ်မြို့နယ်လုံးမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေ စိတ်ဝင်တစ်စားနဲ့ လာရောက်ဆင်နွှဲကြလို့ အရမ်းလည်း စည်ကားပါတယ်။ ကျွန်တော်ကတော့ ဒီပွဲတော်မှာ ကျောင်းသား၊ ကျောင်းသူလေးတွေ စိတ်အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ဖို့အတွက် ဂိမ်းကစားပြိုင်ပွဲမှာ တစ်ထောင့်တစ်နေရာက ပါဝင်ကူညီအားဖြည့်ဆောင်ရွက်ပေးခဲ့ပါတယ်။ ပွဲတော်မှာ ကျောင်းသား၊ ကျောင်းသူတွေ စာပေဖတ်ရှုခြင်းရဲ့ အကျိုးကျေးဇူးတွေကို တန်ဖိုးထားပြီး ကောင်းစွာ အသုံးချနိုင်စေဖို့ရယ်၊ ဉာဏ်ရည်ထက်မြက်စေဖို့အတွက် ပြိုင်ပွဲတွေ၊ ပြပွဲတွေနဲ့ ဂိမ်းကစားနည်းမျိုးစုံကိုလည်း စီစဉ်ဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် စာအုပ်စာစောင်ပြပွဲနဲ့ စာအုပ်ရောင်းပွဲတော်လည်း ပြုလုပ်ပေးပါသေးတယ်။ နောက်ပြီး စတုဒိသာကျွေးတဲ့ အစီအစဉ်လည်းပါတယ်။ ပွဲတော်မှာ ပြိုင်ပွဲတွေ ကျင်းပပေးတဲ့အတွက် ကလေးတွေဟာ လူအများရဲ့ကြားမှာ ရဲရဲဝံ့ဝံ့ပြောဆိုနိုင်တဲ့ စွမ်းရည်တွေ တိုးတက်လာစေမှာဖြစ်ပါတယ်။ ကျွန်တော့ကျောင်းမှာဆိုရင် ကျောင်းသား၊ ကျောင်းသူ ခြောက်ရာလောက်ရှိပြီး လေးရာကျော်လောက် လာရောက်ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ယခုလိုပွဲတော်တွေ ပြုလုပ်ပေးခြင်းဟာ ကလေးတွေကို တစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံရေးတွေ ကောင်းမွန်လာစေတယ်၊ ဂိမ်းကစားနည်းတွေမှာ ဝါသနာပါတဲ့အတွက် အစုအဖွဲ့လိုက် ကစားရလို့ စည်းလုံးညီညွတ်မှုတွေကိုလည်း ရရှိစေပါတယ်။ ခင်းကျင်းပြသထားတဲ့ ပညာပေးပြခန်းများ၊ ဂိမ်းကစားပွဲများ၊ လှပသာယာပြည်မြန်မာ ဓာတ်ပုံပြခန်း စသဖြင့် နေရာတိုင်းမှာ ကလေးတွေက စိတ်အားတက်ကြွပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ပါဝင်ဆင်နွှဲကြတာတွေ့ရလို့ အရမ်းကိုပျော်ဖို့ကောင်းပါတယ်ခင်ဗျာ့။
ဦးကျော်စိန်ဝင်း (သမိုင်းသုတေသီပညာရှင်)
မင်းဘူးမြို့နယ်၊ မယ်ဘေ့ကုန်းကျေးရွာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်မှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူလူငယ်တွေ စာပေအသိပညာ ကြွယ်ဝစေဖို့နဲ့ ထူးချွန်ထက်မြက်တဲ့ လူတော်လူကောင်းတွေ ဖြစ်လာစေဖို့ ရည်ရွယ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွေကို ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ ယခုလို စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ပြုလုပ်တဲ့ ပွဲတော်ကို ယခင်ကလည်း အများကြီး လုပ်ခဲ့ပါတယ်။ ဒီနေ့လုပ်တဲ့ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကတော့ နိုင်ငံတော်အဆင့် ခမ်းခမ်းနားနားပြုလုပ်တဲ့ ပွဲတော်ကြီးဖြစ်လို့ အရမ်းလည်းစည်ကားပါတယ်။ လာရောက်ပါဝင်ဆင်နွှဲကြတဲ့ ကျောင်းသား၊ ကျောင်းသူလူငယ်တွေလည်း တက်တက်ကြွကြွ ပါဝင်ဆင်နွှဲတာတွေ့ရပါတယ်။ ပွဲတော်မှာ ကလေးတွေနဲ့ ပတ်သက်ပြီးတော့ စာဖတ်ရှိန်မြှင့်တင်မယ်၊ ကျပန်းစကားပြောမယ်၊ ပုံဆွဲမယ်၊ ပန်းချီရေးမယ်၊ စာဖတ်ဝိုင်းဆွေးနွေးပွဲမှာ စာပေတွေကို တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ဆွေးနွေးကြမယ် စသဖြင့် ကလေးတွေကို အသိပညာကြွယ်ဝစေမည့် အစီအစဉ်များနဲ့ လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ ကလေးတွေ လေ့လာနိုင်အောင် ပြခန်းမျိုးစုံ ပြသပေးတယ်၊ ဂိမ်းကစားနည်းမျိုးစုံ ပါဝင်ကစားလို့ရအောင် စီစဉ်ပေးတယ်၊ ပြခန်းအနေနဲ့ဆိုရင် ကျောင်းအဆင့်နဲ့ ကျောင်းအလိုက် ပြခန်းတွေဖြစ်တဲ့ သိပ္ပံပြခန်း၊ နည်းပညာပြခန်း၊ စာအုပ်ပြခန်းတို့ စသဖြင့် ပါဝင်ပြသပေးထားပြီး ကျွန်တော်အနေနဲ့လည်း ကလေးတွေ ဗဟုသုတရရှိစေဖို့အတွက် ဧရာဝတီမြစ်အနောက်ဖက်ကမ်းမှာရှိတဲ့ ပျူဒေသက ရှေးဟောင်းပျူခေတ်အသုံးအဆောင်ပစ္စည်းတွေကို စုစည်းပြီးတော့ ပါဝင်ပြသပေးတာဖြစ်ပါတယ်။ ပျူဒေသရဲ့ ပညာပေးပြခန်းမှာဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း လေးထောင်ကျော်လောက်က ဖြစ်တည်ခဲ့တဲ့ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်အဆင့်ဆင့်ဖြစ်လာပြီး နောက်ဆုံး ပျူခေတ်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းတွေ လေ့လာလို့ရမယ်၊ ပျူလူမျိုးတွေရဲ့ လူနေမှုဓလေ့စရိုက်တွေနဲ့ အသုံးပစ္စည်းတွေဖြစ်တဲ့ ရက်ကန်းရက်လုပ်ခြင်း၊ ကြိုးကျစ်ခြင်း၊ မုန့်ပဲသရည်စာပြုလုပ်ခြင်း၊ အဝတ်အထည်နဲ့ လည်ဆွဲပုတီးများပြုလုပ်ခြင်း၊ အိုးလုပ်ငန်းများ တတ်မြောက်ကျွမ်းကျင်စွာ လုပ်ကိုင်ဆောင်ရွက်ခဲ့ပုံများ စတဲ့ ရှေးခေတ်လက်မှုပညာရပ်ပေါင်းစုံကို လေ့လာလို့ ရပါတယ်။ ဒီလိုမျိုး ရှေးဟောင်းပျူခေတ်ဒေသရဲ့ ယဉ်ကျေးမှုဓလေ့တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပြသခြင်းအားဖြင့် ပြခန်းကို လာရောက်လေ့လာကြတဲ့ ကလေးတွေအနေနဲ့ ဗဟုသုတတွေများစွာရရှိပြီးတော့ ငါ့တို့မြန်မာတွေဟာ ရှေးယခင်ကတည်းက နှစ်ပေါင်းထောင်ချီပြီး ယဉ်ကျေးမှုတွေ ရှိခဲ့တယ်ဆိုတာကို ယခုထိတိုင် နိုင်ငံများအလယ်မှာ ဂုဏ်ယူဝံ့ကြွားစွာ နေထိုင်လျက်ရှိတယ်ဆိုတာ သိစေချင်တဲ့စိတ်နဲ့ လာရောက်ပြသပေးခြင်းဖြစ်ပါတယ်။
ဦးမျိုးမောင်မောင်ကျော် ( လက်ထောက်ညွှန်ကြားရေးမှူး )
မင်းဘူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ဒီနေ့ပြုလုပ်တဲ့ ပွဲတော်က ကျောင်းသားကျောင်းသူတွေ ကာယ၊ ဉာဏ၊ မိတ္တ၊ ဘောဂ၊ ဗလ စတဲ့ ဗလငါးတန်ဖွံ့ဖြိုးစေဖို့အတွက် ကျင်းပဆောင်ရွက်တဲ့ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖြစ်ပါတယ်။ ပွဲတော်မှာ ကျောင်းသားကျောင်းသူတွေ စာပေအသိပညာဗဟုသုတတွေ ရရှိဖို့အတွက် စာအုပ်ပြခန်း၊ စာအုပ်ရောင်းပွဲတော်၊ ဌာနဆိုင်ရာပေါင်းစုံ ပညာပေးပြခန်းများ ၊ ရုပ်သေးကပြဖျော်ဖြေခြင်းအစီအစဉ်၊ ဂိမ်းကစားနည်းမျိုးစုံ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများ၊ လှပသာယာပြည်မြန်မာ ဓာတ်ပုံပြခန်း၊ (မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်) ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်ဝိုင်းဆွေးနွေးပွဲ စသဖြင့် အသိပညာဗဟုသုတတွေ အများကြီးကို ရရှိစေနိုင်တဲ့ အစီအစဉ်ကောင်းတွေကို ထည့်သွင်းကျင်းပ ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ဒီပွဲတော် အခမ်းအနားကိုတော့ ဩဂုတ်လ (၃၁) ရက်နေ့မှ စက်တင်ဘာလ (၁) ရက်နေ့အထိ (၂) ကြာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ယခုလို ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပပေးခြင်းဟာ ကလေးတွေရဲ့ အနာဂတ်အတွက် များစွာအရေးပါသလို အကျိုးကျေးဇူးတွေလည်း ရရှိစေမှာ ဖြစ်ပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာ ကျောင်းသားကျောင်းသူတွေ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို (၁၀) ကြိမ် ကျင်းပပေးသွားမှာဖြစ်ပြီး မင်းဘူးခရိုင်အတွင်းမှာ (၂)ကြိမ် ကျင်းပဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီနေ့ ပြုလုပ်တဲ့ပွဲတော်က ပထမအကြိမ် ကျင်းပခြင်းဖြစ်ပြီး ဒုတိယအကြိမ် ပြုလုပ်မဲ့ပွဲတော်ကိုတော့ မင်းဘူးမြို့နယ် စကုမြို့အခြေခံပညာအထက်တန်းကျောင်းမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ယခုလို ကျောင်းသားကျောင်းသူတွေ စာပေအသိပညာဗဟုသုတတွေ ကြွယ်ဝစေဖို့အတွက် ကျွန်တော်တို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေနဲ့ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကြီးကြပ်လမ်းညွှန်မှု၊ ဒေသမှာရှိတဲ့ ဌာနဆိုင်ရာများရဲ့ ပူးပေါင်းကူညီမှုနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခွင့်ရတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများကို ကျေးဇူးအထူးတင်ရှိပါတယ်၊ ဝမ်းသာပီတိလည်း ဖြစ်ရပါတယ်။
မလဲ့မွန်ထွန်း (Grade - 10)
မင်းဘူးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း
ကျွန်မတို့ရဲ့ကျောင်းမှာ ယခုလို ကျောင်းသားကျောင်းသူတွေအတွက် အသိပညာဗဟုသုတတွေရရှိအောင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စီစဉ်ကျင်းပပေးတဲ့အတွက် အရမ်းပဲ ဝမ်းသာပီတဖြစ်ရပါတယ်ရှင်။ ဒီ ပွဲတော်အခမ်းအနားမှာဆိုရင် ကျောင်းသားကျောင်းသူတွေ ကာယ၊ ဉာဏ ဗဟုသုတများစွာကို ရရှိစေတဲ့ ပြခန်းတွေ၊ (ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြော၊ စာစီစာကုံး) ပြိုင်ပွဲတွေ၊ စာအုပ်ပြခန်းတွေ၊ စာအုပ်အရောင်းဆိုင်တွေ၊ အားကစားပြိုင်ပွဲတွေ၊ ဂိမ်းကစားနည်းမျိုးစုံကို ပါဝင်ဆင်နွှဲနိုင်အောင် ပြုလုပ်ပေးတာဖြစ်လို့ အရမ်းလည်း ပျော်ဖို့ကောင်းပါတယ်။ နောက်ပြီး စတုဒိသာကျွေးတဲ့ အစီအစဉ်လည်းပါတော့ ကျွန်မတို့ ကျောင်းသား ကျောင်းသူတွေဟာ ပြခန်း ၊ ပြိုင်ပွဲတွေမှာ ကြည့်လိုက် စာဖတ်ခန်းများမှာ စာဖတ်လိုက်၊ ကစားလိုက်၊ စတုဒိသာကျွေးတဲ့နေရာမှာ သွားစားလိုက်နဲ့ ပျော်ဖို့ အရမ်းကောင်းပါတယ်ရှင့်။ ဒါ့ကြောင့် ပွဲတော်ကျင်းပနိုင်အောင် စနစ်တကျနဲ့ စီစဉ်ဆောင်ရွက်ပေးတဲ့ သက်ဆိုင်ရာအကြီးအကဲများကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း ယခုလို ပွဲတော်တွေကို ကျင်းပဆောင်ရွက်ပေးဖို့ ပြောကြားလိုပါတယ်ရှင့်။
မောင်ခိုင်ခိုင်ကျော် (Grade - 10)
မင်းဘူးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း
ကျွန်တော်က စာဖတ်ရတာ အရမ်းဝါသနာပါတယ်။ ဒါ့ကြောင့် ယခုလို စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကြီးမှာ ပါဝင်ဆင်နွှဲခွင့်ရလို့ အရမ်းပျော်ပါတယ်။ ကျွန်တော့်လိုပဲ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို လာရောက်ပါဝင်ဆင်နွှဲကြတဲ့ ကျောင်းသားကျောင်းသူတွေလည်း ပျော်ရွှင်တက်ကြွစွာ ဆင်နွှဲနေတာကို တွေ့ရတယ်။ ဒီပွဲတော်မှာ စာအုပ်ပြခန်းတွေမှာ စာဖတ်ခွင့်ရတယ်၊ စာအုပ်အရောင်းဆိုင်တွေမှာ မိမိစိတ်ကြိုက်ဖတ်ချင်တဲ့ စာအုပ်တွေကိုလည်း ဝယ်ယူခွင့်ရတယ်။ ပြခန်းတွေမှာ ပြသထားတဲ့အရာတွေကိုလည်း သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး လေ့လာခွင့်ရတယ်။ ကိုယ်မသိသေးတဲ့ အကြောင်းအရာတွေကို တစ်နေရာတည်းမှာ လေ့လာခွင့်ရလို့ ကျောင်းသားလူငယ်တွေအတွက် စာပေရဲ့အကျိုးကျေးဇူးတွေကို သိရှိနာလည်းပြီး စာဖတ်ဖို့အတွက်ကိုလည်း တိုးတက်လာစေမှာ ဖြစ်ပါတယ်။ နောက်ပြီး တစ်ခြားကျောင်းက ကျောင်းသား၊ ကျောင်းသူတွေနဲ့လည်း မိတ်ဆွေဖြစ်ခွင့်ရလို့ ပျော်ဖို့ ကောင်းပါတယ်။ ဒါ့ကြောင့်မို့ ယခုလို စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကြီးကို ဆင်နွှဲခွင့်ရအောင် စီစဉ်ဆောင်ရွက်ပေးတဲ့ တာဝန်ရှိလူကြီးမင်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ့။
မလွင်မာမိုး (Grade - 10)
မင်းဘူးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း
ဒီနေ့ကျင်းပပြုလုပ်တဲ့ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဟာ ကျွန်မတို့လို ကျောင်းသားကျောင်းသူ လူငယ်တွေအတွက် များစွာအကျိုးရှိပါတယ်။ ဘာလို့လဲဆိုတော့ ယနေ့ခေတ် ကျောင်းသားလူငယ်တွေဟာ စာဖတ်ဖို့အတွက် အားနည်းပြီး ဖုန်းနဲ့ဂိမ်းဆော့ကစားတာတွေကိုပဲ လုပ်ကြတာများတယ်။ ယခုလို ကျောင်းသား၊ ကျောင်းသူလူငယ်တွေအတွက် အချိန်ကို အကျိုးရှိရှိ အသုံးချပြီး စာဖတ်တာတွေ၊ တစ်ခြားသော ဗဟုသုတရရှိစေမဲ့အရာတွေကို လေ့လာလို့ရအောင် ဆောင်ရွက်ပေးလို့ ကျောင်းသား၊ ကျောင်းသူတွေကိုလည်း စာအုပ်စာပေ လေ့လာဖတ်ရှုတဲ့ အလေ့အကျင့်ကောင်းတွေကို ရရှိစေပြီး စာဖတ်စွမ်းရည်တွေ တိုးတက်လာစေမှာ ဖြစ်ပါတယ်။ ဒီပွဲတော်မှာဆိုရင် စာပေလေ့လာ ဖတ်ရှုလို့လည်းရတယ်၊ ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်လို့ရတယ်၊ ပြခန်းတွေမှာ ကိုယ်မသိသေးတဲ့အကြောင်းအရာတွေကို လေ့လာလို့ရတယ်။ ဒါ့ကြောင့် တစ်နေရာတည်းမှာ ကိုယ့်အတွက် စာပေဗဟုသုတတွေကို လေ့လာသိရှိခွင့်ရလို့ ကျောင်းသားကျောင်းသူတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ပွဲတော်ကြီးတစ်ခုပဲ ဖြစ်ပါတယ်ရှင့်။ ပွဲတော်စီစဉ်ပေးတဲ့ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ပါတယ်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)