မြဝတီ စက်တင်ဘာ ၁
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခွဲ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမ်န်နေ့မွန်းလွဲ ၂ နာရီတွင် အဆိုပါကျောင်းဝင်း၌ ကျင်းပသည်။
ရှေးဦးစွာ ဗိုလ်လုပွဲသို့တက်ရောက်မည့် U-18 အမျိုးသား ကျန်စစ်သားအသင်းနှင့် ဗန္ဓုလအသင်းက ယှဉ်ပြိုင်ကစားခဲ့ကြရာ ဗန္ဓုလအသင်းက ကျန်စစ်သားအသင်းကို အနိုင်ရဗိုလ်စွဲခဲ့သည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲ ကျင်းပခဲ့ရာ U-18 အမျိုးသားဘောလုံးအသင်းမှ ပထမဆုရရှိသည့် ဗန္ဓုလအသင်းအား တစ်ဦးချင်းရွှေဆွဲပြားဆု၊ ဒုတိယဆုရရှိသည့် ကျန်စစ်သားအသင်းအား တစ်ဦးချင်းငွေဆွဲပြားဆုနှင့် တတိယဆုရရှိသည့် အနော်ရထာအသင်းအား တစ်ဦးချင်းကြေးဆွဲပြားဆုများကို မြို့နယ်ပညာရေးမှူး(ငြိမ်း)ဦးမြင့်ဦး၊ U-14 အမျိုးသားဘောလုံးအသင်းမှ ပထမဆုရရှိသည့် ကျန်စစ်သားအသင်းအား တစ်ဦးချင်းရွှေဆွဲပြားဆု၊ ဒုတိယဆုရရှိသည့် အနော်ရထာအသင်းအား တစ်ဦးချင်းငွေဆွဲပြားဆုနှင့် တတိယဆုရရှိသည့် ဘုရင့်နောင်အသင်းအား တစ်ဦးချင်းကြေးဆွဲပြားဆုများကို အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရွှေတင်၊ အမျိုးသမီးဘောလုံးအသင်းသုံးသင်းမှ ပထမဆုရရှိသည့် လီလီအသင်း၊ ဒုတိယဆုရရှိသည့် ဆာကူရာအသင်းနှင့် တတိယဆုရရှိသည့် ကျူးလစ်အသင်းများကို တစ်ဦးချင်းအလိုက် ရွှေဆွဲပြား၊ ငွေဆွဲပြားနှင့် ကြေးဆွဲပြားများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းတို့က ဆုများ ချီးမြှင့်ပေးသည်။
ထို့နောက် ကျန်ရှိသည့် ရှေ့တန်းအကောင်းဆုံး၊ အလယ်တန်းအကောင်းဆုံး၊ နောက်တန်းအကောင်းဆုံး၊ ဂိုးသမားအကောင်းဆုံးဆုများနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုများကို ကျောင်းအကျိုးတော်ဆောင်များနှင့် အလှူရှင်များက ချီးမြှင့်ပေးပြီး U-18 အမျိုးသားဘောလုံးအသင်းမှ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့သည့် အသင်း(၃)အား ဒိုင်းဆုကြီးကို ကျောင်းအုပ်ဆရာမကြီး ဒေါ်မာလာအောင်နှင့် အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရွှေတင်တို့က ဆုများအလိုက် ပေးအပ်ချီးမြှင့်သည်။
မြဝတီမြို့နယ်အနေဖြင့် အခြေခံပညာအဆင့် ကျောင်းကောင်စီဥက္ကဖလား ဘောလုံးပြိုင်ပွဲ ကျင်းပပေးခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အသင်းလိုက် စုဖွဲ့ဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စနစ်သစ်ပညာရေးတွင် ဘက်စုံထူးချွန်ထက်မြက်နေစေရန် စသည့်ရည်ရွယ်ချက်ကောင်းတို့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)