ထားဝယ်မြို့တွင် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကျင်းပ

ထားဝယ် ဩဂုတ် ၃၁

တနင်္သာရီတိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချူပ်၏ လမ်းညွန်မှုဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ကြီးမှူးကျင်းပသော ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာချမ်းသာကြီးကျောင်းတိုက်ဆရာတော် ဦးသုန္ဒရ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးထွန်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်၊ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ ကရင်တိုင်းရင်းသားကိုယ်စားလှယ်တော် ဖဒိုဆာပီးတုတ်နှင့် စီးပွားရေးလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးလှသန်းတို့က ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မုခ်ဦး ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက်ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ကရင်တိုင်းရင်းသား/သူများကို ကရင်အမျိုးသား သီချင်းအား Video Clip ဖြင့်ပြသပြီး ကရင်အမျိုးသားအလံတော်အားဦးညွတ်ပြီး အလေးပြုခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် အောင်မျိုးထွန်းနှင့်တာဝန်ရှိသူများက မင်္ဂလာဖားစည်အားတီးပြီး ကရင်တိုင်းရင်းသားများက ပဒိုမှုတ်ခဲ့ကြကာ ကရင်းတိုင်းရင်းသားများက ကရင်ဒုံးအကဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်(ကိုယ်စား)လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်က ကရင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်း သားလူမျိုးများအားလုံး စည်းလုံးညီညွတ်ရေးကိုရှေးရှုရန်၊ ကရင်ရိုးရာ ဓလေ့နှင့် ကိုက်ညီစစ်မှန်သည့် ကရင်ယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရန်နှင့်အနာဂတ်ကရင် မျိုးဆက်သစ်လူငယ်များ မိမိတို့၏ကရင်ရိုးရာဓလေ့နှင့် ကိုက်ညီစစ်မှန်သည့် ကရင်ယဉ်ကျေးမှုကို မြတ်နိုးပြီးဖော်ထုတ်ထိန်းသိမ်းမြှင့်တင်လိုသော အသိစိတ်ဓါတ်များ ကိန်းအောင်ရှင်သန်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည့်အတွက် မွန်မြတ်ကောင်းမွန်လှသည့် ပွဲတော်တစ်ခုလည်းဖြစ်ကြောင်း၊ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ဝါခေါင်လတွင် ကျင်းပပြုလုပ်ပြီး ဝါခေါင်လလက်ချည်ပွဲဟုလည်း ခေါ်ဆိုကြောင်း၊ ချည်ဖြူဖွဲ့ခြင်းဆိုသည်မှာ လက်ကိုချည်ဖြူဖြင့် ဖွဲ့နှောင် ရစ်ပတ်ခြင်းဖြစ်ပြီး နေရာအနှံ့အပြားတွင် ကွဲပြားရောက်ရှိနေကြသောကရင်တိုင်းရင်းသား မိသားစုဝင်များ၊ ဆွေမျိုးသားချင်း များ ပြန်လည်စုစည်းတွေ့ဆုံပြီး အတူတကွ ပျော်ရွှင်စွာ လက်ချည်ပေးခြင်းအားဖြင့် မိသားစု၊ ဆွေမျိုးသားချင်း အချင်းချင်းပြန်လည်စုစည်း ပေါင်းစပ်ပေးပြီး မျိုးချစ်စိတ်နှင့် စည်းလုံးညီညွတ်မှုအတွက် ဖော်ထုတ်ပေးသည့်အနှစ်သာရရှိသော ပွဲတော်တစ်ရပ်လည်းဖြစ်ကြောင်း၊ ကရင်လူမျိုးတို့၏ ဘိုးဘေးအစဉ်အဆက် ခေတ်ကာလရှည်လျားစွာ ယုံကြည်မြတ်နိုး တန်ဖိုးထားပြီး ဘိုးဘွား အမွေအနှစ်အဖြစ် ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ရိုးရာဓလေ့ပွဲတော်ကို လက်ဆင့်ကမ်း ထိန်းသိမ်းမြှင့်တင်နိုင်ကြရန်နှင့် မွန်မြတ်သန့်စင်၍ ချစ်စရာကောင်းသော ကရင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်ကို လူမျိုးမရွေး၊ ဘာသာမရွေး ပါဝင်ဆင်နွှဲနိုင်ပြီး နှစ်စဉ်ဝါခေါင်လရောက်တိုင်း မိမိတို့၏လက်ကောက်ဝတ်များတွင် ချည်ဖြူဖွဲ့၍ မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းကြရန်၊ တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်စွာဖြင့် အတူတကွ လက်တွဲပူးပေါင်းပြီး နိုင်ငံတော်အကျိုး၊ တိုင်းရင်းသားအကျိုးတို့ကို သယ်ပိုးဆောင်ရွက်နိုင်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phangနော်တောင်မှ ပေးပို့သည့် သဝဏ်လွှာအား တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာကဖတ်ကြားပြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ထွဋ်က ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ သမိုင်းအကျဉ်းအား ဖတ်ကြားသည်။

ယင်းနောက်ကရင်းတိုင်းရင်းသား/သူများက ဘိုးဘွားအမွေအနှစ်တေးသရုပ်ဖော်အက၊ Dancing အက၊ ဒုံးအကများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး အခမ်းအနားအတွက် လာရောက်ဖျော်ဖြေခဲ့ကြသော ဒုံးအကအဖွဲ့များအား ဝန်ကြီးချူပ်ဦးမြတ်ကိုမှတစ်ဖွဲ့လျှင် (၅)သိန်းကျပ်စီ၊ စီးပွားရေးလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးလှသန်းက လှူဒါန်းငွေကျပ်သိန်း(၃၀၀)အား လှူဒါန်းခဲ့သည်။

ဆက်လက်၍ ကရင်တိုင်းရင်းသားသက်ကြီးဘိုးဘွား(၁၄)ဦးတို့က တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊  ဒုတိယတပ်မမှူးနှင့် တိုင်းရင်းသားကိုယ်စားလှယ်တော်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကရင်တိုင်းရင်းသား/ သူများအား ဆုတောင်းမေတ္တာပို့သပြီး ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာ(လက်ချည်ခြင်း)ပေးခဲ့​ပြီး  တိုင်းရင်းသားရိုးရာ အကများနှင့်အတူ နိုင်ငံကျော်အဆိုတော်များက ဖျော်ဖြေခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)