ကရင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုအားပေး

ဘားအံ ဩဂုတ် ၃၁

ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့အား မြို့အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပသော အစိမ်းရောင်ခရီးသွားမြို့တော်ဖြစ်စေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်နှင့် တာဝန်ရှိသူများသည်  စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ဘားကပ်(ရသေ့ပျံ)ကျေးရွာအုပ်စုရှိ ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းလိုဏ်ဂူတော်ပရိဝုဏ်အတွင်း ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးပြီး လိုဏ်ဂူတော်အတွင်းရှိ ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ၊ အုတ်ခွက်ဘုရားများ၊ ကျောက်စာ၊ မင်စာများ၊ ရှေးဟောင်းဗုဒ္ဓဝင်ကျောက်ဆစ်ပန်းပုလက်ရာများကို ကြည့်ရှုလေ့လာဖူးမြော်ကြည်ညိုခဲ့ကြသည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ဘားကပ်ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၊ ဘားကပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် တရုတ်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၁၀၈၀ ကျော်ဖြင့် ယာဉ်၊ ယန္တရားများအသုံးပြု၍ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ စွန့်ပစ်ပလတ်စတစ်နှင့် အမှိုက်များဖယ်ရှားခြင်း၊ ရေကြီးရေလျှံမှုဖြစ်စဉ်ကာလ တင်ကျန်ခဲ့သည့်နှုန်းမြေများအား မီးသတ်ရေသယ်ယာဉ်များဖြင့် ဖယ်ရှားရှင်းလင်းခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ခြင်း အစရှိသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါကျောင်းများ၌ စာသင်ခန်း၊ စာသင်ဆောင်၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများ၊ သန့်စင်ခန်းများ ပြည်စုံလုံလောက်မှုရှိ/မရှိ လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)နှင့် အခြေခံပညာစာသင်ကျောင်းများအား သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်ကောင်းများဖြစ်အောင် အစဉ်ဖန်တီးပေးကြရန်မှာကြား၍ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)