မြဝတီ သြဂုတ် ၃၁
ကရင်ပြည်နယ်၊ မြဝတီမြို့သည် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး စနေနေ့တိုင်း ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီတွင် မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက် အ.ထ.က(၂) ကျောင်းဝန်း၌ ဆောင်ရွက်ပေးသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးကို မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦးတို့က ကြီးကြပ်ပေးကာ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ကျောင်းဝန်းအတွင်း ခြင်ခိုအောင်းနိုင်သည့်နေရာများ၌ အမှိုက်သရှိုက်၊ ချုံနွယ်၊ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ သစ်ပင်၊ သစ်ကိုင်ကြီးများ ခုတ်ထွင်ခြင်း၊ သောက်သုံးရေကန် သန့်ရှင်းရေးဆောင်ရွက်ပေးခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန် ရေးရှင်းလင်းပေးပြီးထွက်ရှိသော အမှိုက်များအား စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျစွန့်ပစ်ဆောင်ရွက်သည်။ အလားတူအပတ်စဉ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခြင်းကို ဘုရားစေတီပုထိုးများ၊ အခြေခံပညာကျောင်းများ၊ ပြည်သူ့ဆေးရုံဝန်းနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)