ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)တွင် ပြုလုပ်သည့် “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းကို တက်ရောက်အားပေး

ပုသိမ်     ဩဂုတ်       ၃၁

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)၊ ဧရာရတနာခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုကဲ့သို့ “လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းဆွေးနွေးခြင်း အခမ်းအနားများကို တိုင်းဒေသကြီး/ပြည်နယ်များရှိ အစိုးရနည်းပညာ တက္ကသိုလ်များ၊ အစိုးရနည်းပညာကောလိပ်များနှင့် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းများမှာ လက်ခံကျင်းပခြင်းအားဖြင့် ပညာသင်ကြားကြားနေကြသည့် ကျောင်းသား/ကျောင်းသူသည် ကျောင်းနှင့် လူမှုပတ်ဝန်းကျင်နေ့စဉ်ဘဝများတွင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို မှန်ကန်စွာပိုင်းခြားဝေဖန်နိုင်ပြီး ဖြောင့်မတ်တည်ကြည်မှုကို ကိုယ်ပိုင်အသိတရားဖြင့် လက်တွေ့ကျင့်သုံးလာနိုင်စေမည်ဖြစ်ပြီး အခြေခံစည်းကမ်းမူဘောင်များ၊ ကျင့်ဝတ်များ၊ ကိုယ်ကျင့်တရားပျက်ယွင်းခြင်း၏ အကြောင်းအရင်းများနှင့် အဂတိလိုက်စားမှု အန္တရာယ်များကို သိရှိနားလည်နိုင်မှာဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် “ကိုယ်ကျင့်တရား ပျက်ယွင်းခြင်း” ဖြစ်ပါကြောင်း၊ နောက်တစ်နည်းဆိုပါက အကျိုးအမြတ်တွက်ချက်ပြီး ကျူးလွန်သည့်ရာဇဝတ်မှုဖြစ်ပါကြောင်း၊  အဂတိလိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တတွေ ပျက်စီးလာပြီး မျှတမှုရှိတဲ့ယှဉ်ပြိုင်လိုစိတ်၊ ကိုယ်ရည်ကိုယ်သွေးတွေ ကျဆင်းလာပြီး နိုင်ငံအနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေခြင်း၊ ပြည်သူများအကြား ဆင်းရဲချမ်းသာကွာဟမှုများခြင်း၊ ပြည်သူလူထု၏ ယုံကြည်မှုလျော့ကျစေခြင်းတို့အပြင် နိုင်ငံ၏အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေးနှင့် လူမှုယဉ်ကျေးမှုကြီး တစ်ခုလုံးကိုပါ ယိုယွင်းပျက်စီးစေနိုင်ပါကြောင်း၊ “ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်” ဆိုသည့်စကားနှင့်အညီ အဂတိလိုက်စားမှုများ ပေါ်ပေါက်လာမှ စုံစမ်းစစ်ဆေးအရေးယူခြင်းထက် အဂတိလိုက်စားမှုများ မဖြစ်မီကတည်းက ကြိုတင်တားဆီးကာကွယ်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့်အသိပညာပေး လုပ်ငန်းများကို ကဏ္ဍစုံ၊ ထောင့်စုံမှ ကျယ်ပြန့်စွာ ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့ လူငယ်စကားဝိုင်းများမှ ကျောင်းသား/ကျောင်းသူများအနေဖြင့်လည်း  ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်စံနှုန်းများနှင့် စပ်လျဉ်းသည့် အသိအမြင်၊ ဗဟုသုတများကို မိမိမှတဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့် ဖြောင့်မတ်တည်ကြည်မှုမှတစ်ဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်မှုများတွင် မိမိတို့ကိုယ်တိုင် ပါဝင်ကြရန်နှင့် မိမိကစပြီးအဂတိလိုက်စားမှုကို ငြင်းဆိုဖို့ တိုက်တွန်းလိုပါကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင်က အဖွင့်အမှာစကားများ ဆက်လက်ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ယင်းနောက်  “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းကို ဆက်လက်ပြုလုပ်ခဲ့ရာ စကားဝိုင်းသို့တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး အစိုးရနည်းပညာအထက်တန်းကျောင်း (ပုသိမ်) ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)