လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ကရင်ပြည်နယ်အဆင့် အထူးနည်းပြ သင်တန်းဆင်း

ဘားအံ ဩဂုတ် ၃၁

ကရင်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်ရေးကော်မတီ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ပြည်နယ်အဆင့် အထူးနည်းပြသင်တန်းဆင်းဂုဏ်ပြုပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ဘားအံတက္ကသိုလ်၊ ပတ္တမြားနယ်မြေ၊ ဘားအံပညာ့ရိပ်သာ၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။

ဦးစွာ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ပြည်နယ်အဆင့် အထူးနည်းပြ သင်တန်းသား၊ သင်တန်းသူများက သင်တန်းနောက်ဆုံးနေ့ လက်တွေ့ကွင်းဆင်းသည့် အနေဖြင့် ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေရှိ နဝရတ်ဆောင်နှင့် အဆောက်အဦအမှတ် 3B တို့တွင် အိမ်ထောင်စုမေးခွန်းနှင့် အဖွဲ့အစည်းမေးခွန်းများ လက်တွေ့လေ့ကျင့်ကောက်ယူမှုများ ဆောင်ရွက်ခဲ့ရာ  ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် သင်တန်းဆင်းပွဲကို ဘားအံတက္ကသိုလ်၊ ပတ္တမြားနယ်မြေ၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် (ကိုယ်စား) ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်က ဆင့်ပွားသင်တန်းများ ဆက်လက်ဖွင့်လှစ်ပို့ချသည့်အခါ ဘာသာရပ်သင်ခန်းစာများအပြင် စာရင်းကောက်များအနေဖြင့် မေးခွန်းများမေးမြန်းရာတွင် လိမ္မာပါးနပ်စွာ မေးမြန်းကြရန်၊ သင်တန်းမှရရှိသည့် သန်းခေါင်စာရင်းဆိုင်ရာ အသိအမြင်များကို ပြန်လည်သင်ကြားပို့ချ သည့်အခါ မခြွင်းမချန် ထိထိရောက်ရောက် ပြန်လည်ပို့ချလေ့ကျင့်ပေးရန်လိုကြောင်း၊ နည်းပြတာဝန်များ၊ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ပြည်နယ်အဆင့်အထူးနည်းပြသင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ရာ သင်တန်းသား/သင်တန်းသူများ ကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)