ချောက်မြို့၌ ဆေးရုံမိသားစုနေ့ အခမ်းအနားကျင်းပ

ချောက် သြဂုတ် ၃၁

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ဆေးရုံမိသားစုနေ့ (Hospital Family Day) အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုတင်(၅၀)ဆံ့ ပြည်သူ့​ဆေးရုံအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ချောက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးအေးမင်းထွန်း၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင်းမာသိန်းနှင့် အသင်းဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ချောက်မြို့နယ်ကုသရေးဦးစီးဌာန၊ ဒုခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမျိုးသက်ဦးက  ဆေးရုံမှဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူဆေးရုံကို ပြည်သူများအားကိုးမှု တိုးတက်လာစေရန်၊ ဆေးရုံသို့လူနာများ အသုံးပြုမှုတိုးတက်လာစေရန်၊ လက်လှမ်းမီမှု၊ အရည်အချင်းပြည့်မီမှု၊ အရည်အသွေးပြည့်ဝမှု၊ ကောင်းသတင်းကျော်စောမှု၊ လူနာအပေါ်ဗဟိုပြု၍ ပြည့်ဝစာနာနိုင်မှု၊ ကုန်ကျစရိတ်သက်သာမှု၊ လိုအပ်သလိုကုသဝန်ဆောင်မှုပေးနေမှုများကို ပြည်သူလူထုသိရှိအောင် ဆောင်ရွက်နိုင်မှသာ အသုံးပြုနှုန်းတက်လာမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဆိုင်ရာမညီမျှမှုများအပေါ်သာတူညီမျှရှိသော ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကိုဖော်ဆောင်နိုင်ရန်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအနေဖြင့် ဆောင်ရွက်​နေခြင်းဖြစ်ကြောင်းနှင့် လူနာများပြည်သူ့ဆေးရုံကို အားကိုးအားထားပြုရေး၊ ကျွမ်းဝင်မှုရှိ​စေရေးအတွက် ဆေးရုံမိသားစုနေ့ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ချောက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ဆေးရုံကုသဆောင်များ၌ ဆေးဝါးကုသမှုခံယူနေကြသည့် လူနာများကို တွေ့ဆုံ၍ အားပေးစကားများ ပြောကြားပြီး အာဟာရဒါန စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)