စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆုနှင့် အမျိုးသား/အမျိုးသမီး စုပေါင်းတံခွန်စိုက်ဆုရရှိခဲ့သည့် ပြေးခုန်ပစ်အသင်းအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနား တက်ရောက်

မုံရွာ  သြဂုတ် ၃၁

၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆုနှင့် အမျိုးသား/အမျိုးသမီး စုပေါင်းတံခွန်စိုက်ဆု ရရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းအား ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်း၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တိုင်းဒေသကြီးလွှတ်တော်ရုံးမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သူနာပြုသားဖွားသင်တန်းကျောင်း(မုံရွာ)မှ သင်တန်းသား/သူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)မှ ကျောင်းသား/သူများ၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများက အောင်သပြေပန်းများဖြင့် သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။

ဆက်လက်ပြီး တိုင်း‌ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအနေဖြင့် ၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆုနှင့် အမျိုးသား/အမျိုးသမီး စုပေါင်းတံခွန်စိုက်ဆုရရှိခဲ့ပါကြောင်း၊ ပြေးခုန်ပစ်အားကစားနည်းသည် မိမိတို့တိုင်းဒေသကြီး၏ အဓိကအားကစားနည်း တစ်ရပ်အနေဖြင့် ပြောရလောက်အောင်ထူးချွန်ပြီး ဆုတံဆိပ်အများဆုံးဆွတ်ခူးပေးသည့် အားကစားနည်း တစ်ရပ်ဖြစ်ပါကြောင်း၊ အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် မိမိတို့တိုင်းဒေသကြီးအသင်း အောင်မြင်ရန်အတွက် ပြိုင်ပွဲများတွင် ဇွဲစိတ်ဓာတ်ကိုအခြေခံ၍ အားကစားစိတ် ဓာတ်ပြည့်ဝစွာဖြင့် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ခဲ့ကြပြီး မိမိတိုင်းဒေသကြီးအတွက် တံခွန်စိုက်ဆုကြီးအားရရှိနိုင်ခဲ့ကြသလို ဒီဇင်ဘာလတွင်ကျင်းပမည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင်လည်း ယခုလိုအောင်မြင်မှုများရရှိအောင် ဆက်လက်ထိန်းသိမ်း ကြိုးစားသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တိုင်းဒေသကြီး ပြေးခုန်ပစ်အသင်း အုပ်ချုပ်သူများနှင့် နည်းပြများက အမျိုးသားတံခွန်စိုက်ဆုနှင့် အမျိုးသား/အမျိုးသမီး တံခွန်စိုက်ဆုဖလားများအား အပ်နှံကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တံခွန်စိုက်ဆုရ တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်အသင်းအား စုစုပေါင်း ဂုဏ်ပြုချီးမြှင့် ငွေကျပ် သိန်း ၂၀၀ အား ပေးအပ်ချီးမြှင့်သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက မီတာ ၅၀၀၀၊ မီတာ ၂၀၀၀၊ မီတာ ၁၅၀၀၊ ကြိုးတပ်သုံးလုံးပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရ အားကစားသမားများအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးတို့က မီတာ ၄၀၀၊ မီတာ ၂၀၀၊ မီတာ ၁၀၀၊ အလျားခုန်၊ သုံးဆင့်ခုန်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရ အားကစားသမားများအား လည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မီတာ ၃၀၀၀၊ မီတာ ၄၀၀၊ မီတာ ၂၀၀၊ မီတာ ၁၀၀၊ လှံတံပစ်၊ သံလုံးပစ်၊ တန်းမြင့်ခုန်၊ သံပြားပစ်၊ အလျားခုန်၊ ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲများတွင် ငွေတံဆိပ်၊ ကြေးတံဆိပ်ရရှိကြသော အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းအုပ်ချုပ်သူက ပြိုင်ပွဲများဝင်ရောက် ယှဉ်ပြိုင်ခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်ဆုရ အားကစားသမားများ၊ အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူတကွ နံနက်စာသုံးဆောင်ကာ ဆုရအားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)