ထားဝယ်မြို့တွင် ဥပဒေရေးရာဝန်ကြီးဌာန၏ တတိယအကြိမ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပ

ထားဝယ် ဩဂုတ် ၃၀

ဥပဒေရေးရာဝန်ကြီးဌာန၏ တတိယအကြိမ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက ယနေ့သည် (၃) နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ကြောင်း၊ ယခင်က ရုံးကို ပြည်ထောင်စုရှေ့နေချုပ်ရုံးဟု ခေါ်ဆိုခဲ့ကြောင်း၊ ရုံးဆိုသောသဘောနှင့် ဝန်ကြီးဌာနဆိုသောသဘောကို နှိုင်းယှဉ်လျှင် ကွာခြားကြောင်း၊ နိုင်ငံတကာတွင်ရှိသော ဝန်ကြီးဌာနများနှင့် အဆင့်အတန်းတူညီစွာ ရင်ဘောင်တန်းနိုင်အောင် ဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်တွင် နိုင်ငံတော်ရှေ့နေချုပ် ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးနိုင်ငံတော်ရှေ့နေချုပ်ဌာနကို ဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ်တွင် ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ ဥပဒေကို ပြဋ္ဌာန်းပြီး ဗဟိုဥပဒေရုံးကို ဖွဲ့စည်းခဲ့ကြောင်း၊ အလားတူ ၁၉၈၈ ခုနှစ်တွင် ရှေ့နေချုပ်ဥပဒေကို ပြဋ္ဌာန်းပြီး ဗဟိုဥပဒေရုံးကို ရှေ့နေချုပ်ဥပဒေရုံးဟု ပြောင်းလဲခဲ့ကြောင်း၊ ၂၀၀၁ ခုနှစ်တွင် ရှေ့နေချုပ်ဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ပြည်ထောင်စုရှေ့နေချုပ်ဥပဒေကို ပြဋ္ဌာန်းပြီး ရှေ့နေချုပ်ရုံးကို ပြည်ထောင်စုရှေ့နေချုပ်ရုံးဟု ပြောင်းလဲခဲ့ကြောင်း၊ ယင်းဥပဒေတွင် ပြည်ထောင်စုရှေ့နေချုပ်၏ လုပ်ပိုင်ခွင့်နှင့်တာဝန်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များ၊ ဥပဒေအရာရှိများ၏ လုပ်ငန်းတာဝန်များကို ဖော်ပြထားကြောင်း၊ ဥပဒေအရာရှိကျင့်ဝတ်ကိုပြဋ္ဌာန်းထားသဖြင့် ယင်းကျင့်ဝတ်နှင့်အညီ ပြုပြင်နေထိုင်ရန် လိုအပ်သလို နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ ပြုမူနေထိုင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန၏ တစ်နှစ်တာလှုပ်ရှားမှုများအား Video Clip ဖြင့် ပြသပြီး တိုင်းဒေသကြီးဥပဒေချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများ၏ သား၊ သမီးများကို ပညာသင်ထောက်ပံ့ကြေး ပေးအပ်ကာ ဥပဒေအရာရှိများနှင့် ဝန်ထမ်းများအား ဗလာမပါ ကံစမ်းမဲဖောက်ပေးခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)