ထားဝယ် ဩဂုတ် ၃၀
တနင်္သာရီတိုင်းဒေသကြီး မျောက်ကျောက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက “၂၀၂၄ ခုနှစ်အတွင်း ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ(DRC)နှင့် အာဖရိကတိုက်ရှိနိုင်ငံများတွင် Mpox (မျောက်ကျောက်) ရောဂါ ကူးစက်ဖြစ်ပွားမှု အရှိန်မြင့်တက်လာခြင်း၊ ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံအရှေ့ပိုင်းတွင် ရောဂါပိုးမျိုးကွဲအသစ်သည် လျှင်မြန်စွာ ကူးစက်ပျံ့နှံ့လာပြီး နယ်စပ်ဖြတ်ကျော်၍ နိုင်ငံတကာတွင် ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က (၂၀၂၄)ခုနှစ် ဩဂုတ်လ (၁၄) ရက်နေ့တွင် Mpox (မျောက်ကျောက်) ရောဂါကူးစက်မှုအား နိုင်ငံတကာပြည်သူ့ကျန်းမာရေးက အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Mpox (မျောက်ကျောက်) ရောဂါအား နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ (PHEIC)အဖြစ် (၂၀၂၂)ခုနှစ်၊ ဇူလိုင်လ(၂၃)ရက်နေ့တွင် ပထမအကြိမ် ထုတ်ပြန်ကြေညာခဲ့စဉ်က ဖျားခြင်းနှင့် အနီစက်/အရေကြည်ဖုထွက်ခြင်း ရောဂါလက္ခဏာစောင့်ကြပ်ကြည့်ရှုခြင်း (Fever with Vesicular Rash Surveillance) လုပ်ငန်းအား နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ပြည်သူ့ဆေးရုံနှင့် ကျန်းမာရေးဌာနများတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း မဖြစ်ပွားအောင် ကာကွယ်ရန်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများ၊ NGO အဖွဲ့အစည်းများအား ခေါ်ယူပြီး ညှိနှိုင်းအစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယခုအချိန်အထိ ဖြစ်ပွားမှုမရှိကြောင်း၊ ရှေ့ဆက်လက်မဖြစ်ပွားအောင် ဝိုင်းဝန်းပြီးကူညီဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဖြစ်ပွားလာပါက ကုသမည့်ကိစ္စရပ်များ၊ မဖြစ်ပွားမီ အသိပညာပေးရမည့် လုပ်ငန်းများရှိကြောင်း၊ ပြည်သူလူထုများကလည်း အသိပညာပေးလုပ်ငန်းများအား လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ NGO အဖွဲ့အစည်းများအနေဖြင့် ပညာပေးလုပ်ငန်းများ ကာကွယ်သည့်နေရာများတွင် ဝိုင်းဝန်းပြီး ပေါင်းစပ်ကာ ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးသည် တစ်ဖက်နိုင်ငံနှင့်နီးစပ်သောကြောင့် ပေါ့ဆ၍မရကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ကောင်းမွန်သောအကြံဉာဏ်များကို ဝိုင်းဝန်းပြီး ဆွေးနွေးပေးကြရန် လိုအပ်ကြောင်း” ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမိုးဇော်က မျောက်ကျောက်ရောဂါအကြောင်းနှင့် ကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် နှီးနွယ်ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ဝိုင်းဝန်းဆောင်ရွက်မည့် အစီအမံများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်