ထားဝယ် ဩဂုတ် ၃၀
တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စက်တင်ဘာ လ ၇ ရက်နေ့တွင် ကျရောက်မည့် ''အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့'' အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ပြိုင်ပွဲတွင် အခြေခံပညာကျောင်းပေါင်းစုံမှ အထက်တန်းအဆင့် ကျောင်းသား/သူစုစုပေါင်း ၃၁ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ စုစုပေါင်း ၆၅ ဦးတို့က ယခုနှစ် အထိမ်း အမှတ် ဆောင်ပုဒ်ဖြစ်သည့် သန့်ရှင်းသောလေရရှိဖို့ ရင်းနှီးမြှုပ်နှံမှုစတင်စို့ ဟူသော ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ဖြေဆိုနေမှုကို တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။
ထို့နောက် ယှဉ်ပြိုင်ဖြေဆိုသော ကျောင်းသား/သူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ အသိပညာပေး လက်ကမ်းစာစောင်များနှင့် အာဟာရဖြည့်မုန့်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရသည်။
ငွေဇင်ယော်(ထားဝယ်)