ကျောင်းကုန်း ဩဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးဝင်းက နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာကိန်း ဂဏန်းအချက်အလက်များကို ရရှိရန်ဖြစ်ကြောင်း၊ ခရိုင်အဆင့်နည်းပြသင်တန်းနှင့် မြို့နယ်အဆင့်သင်တန်းတွေ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး မြို့နယ်လ.ဝ.ကဦးစီးမှူး ဦးမြတ်ဇော်မင်းက လာမည့်အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ စာရင်းကောက်ယူသွားမည်ဖြစ်ပြီး နံနက်(၇)နာရီမှ ညနေ(၆)နာရီအချိန်အတွင်း ကောက်ယူသွားမည်ဖြစ်ကြောင်း၊ ကောက်ကွက်ဧရိယာအတွင်း စာရင်းမထပ်၊ မကျန်၊ အမှန်ရအောင်ကောက်ယူသွားရမှာဖြစ်ကြောင်း၊ စာရင်းကောက်ယူမည့် လုပ်ငန်းဆိုင်ရာများကို ပရိုဂျက်တာနှင့်တကွ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသည့် မြို့နယ်သန်းခေါင်စာရင်းကော်မတီ၊ ရပ်/ ကျေးသန်းခေါင်စာရင်းကော်မတီနှင့် စာရင်းစစ်၊ စာရင်းကောက်များမှ သိရှိလိုသည်များ မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးဝင်းက နိဂုံးချုပ်အဖြစ် ကျောင်းကုန်းမြို့နယ်အတွင်း လူဦးရေ(၁)သိန်း(၈)သောင်းခန့်အား စာရင်းစစ်(၃၄)ဦးနှင့် စာရင်းကောက်(၁၃၀)ဦး စုစုပေါင်း(၁၆၄)ဦးမှလိုက်လံ၍ စာရင်းကောက်ယူသွားကြမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)