ကယားပြည်နယ်ဥပဒေချုပ်ရုံး၌ ဥပ​ဒေ​ရေးရာဝန်ကြီးဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

လွိုင်ကော် ဩဂုတ် ၃၀

ဥပဒေရေးရာဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဥပဒေချုပ် ဦးကြည်မြိုင်၊ ပြည်နယ်ဥပဒေအရာရှိ ဦးသိန်းထွန်း၊ ကယားပြည်နယ်ဥပဒေချုပ်ရုံး၊ ခရိုင်ဥပဒေရုံးများ၊ မြို့နယ်ဥပဒေရုံးများရှိ ဥပဒေအရာရှိများနှင့် အမှုထမ်းများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်ဥပဒေချုပ်ဦးကြည်မြိုင်က ဥပဒေရေးရာဝန်ကြီးဌာန၏ အဆင့်ဆင့် ပြောင်းလဲလာသည့်သမိုင်းကြောင်းများ၊ ဥပဒေရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပဆောင်ရွက်နေမှုအခြေအနေများကို အဖွင့်အမှာစကားတွင် ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်ဥပဒေအရာရှိဦးသိန်းထွန်းက ဥပဒေရေးရာဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်များ ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနား Video Clip အား ဖွင့်လှစ်ပြသခဲ့ပြီး ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဥပဒေအရာရှိတို့က ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

မွန်းလွဲပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့် ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာစကားဝိုင်းဆွေးနွေးပွဲအား ကျင်းပခဲ့ရာ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဥပဒေအရာရှိနှင့် ခရိုင်ဥပဒေအရာရှိတို့က ဦးဆောင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုဇင်(လွိုင်ကော်)