ပြည် နိုဝင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ နဝဒေးရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက်နိုင်ငံတော်မှထောက်ပံ့သည့် တစ်အိမ်ထောင်လျှင်ငွေကျပ် နှစ်သောင်းနှုန်းစီကို တာဝန်ရှိသူများက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ နိုဝင်ဘာ ၁၉ ရက်နေ့တွင် သက်ဆိုင်ရာ ရာအိမ်မှူးများထံ ထုတ်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါထောက်ပံ့ငွေများကို ကြီးကြပ်သူဌာနဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်တွင် နဝဒေး ရပ်ကွက် ကောက်ကွက်(၉)ခုမှ သက်ဆိုင်ရာ ရာအိမ်မှူး(၁၇)ဦးထံပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် နဝဒေးရပ်ကွက်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၆၇၈) စုရှိကြောင်း ယင်းအိမ်ထောင်စုအားလုံးကို သက်ဆိုင်ရာ ရာအိမ်မှူးများကတဆင့် လက်ဝယ် အရောက် ပေးအပ်သွားမှာဖြစ်ကြောင်း နဝဒေးရပ်ကွက်အုပ်ချုပ်ရေးမှူးဦးသန်းစိန် က ပြောကြားသည်။
ပြည်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း (၆၉)အုပ်စုရှိသည့်အနက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား စုစုပေါင်းအိမ်ထောင်စုပေါင်း (၃၂၃၃၆) စုရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှသိရသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)