ကြံခင်း ဩဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၏ ကူညီမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ စုံလင်စွာ ရရှိစေရန်နှင့် လေ့လာမှတ်သားတတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲမှု ထိန်းချုပ်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းသား/သူများ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲမှု ထိန်းချုပ်ရေး အသိပညာပေး ဟောပြောခြင်းအား အလေးထားမှတ်သားကြရန်နှင့် အဆိုပါ အသိပညာပေးခြင်းမှ စာစီစာကုံးပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးသွားမှာဖြစ်သလို ဆုများချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း ပြောကြားပါသည်။
ထို့နောက် စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့ဝင်ဥက္ကဋ္ဌ ဦးမြတ်ထွန်း (ရာဇာငယ်)ကနောင်က ဆေးလိပ်နှင့်ဆေးရွက်ကြီး ကင်းစင်ပပျောက်ရေးဆိုင်ရာများနှင့် ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးလက္ခဏာများ၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးဆိုးကျိုးလက္ခဏာများအားလည်းကောင်း၊ (အ.မ.က) ကျောင်းဆရာမ ဒေါ်ဌေးဌေးရီက ဆေးလိပ်ငွေ့၏ အန္တရာယ်နှင့် ဆေးလိပ်ဖြတ်ခြင်းကြောင့်ရရှိနိုင်သော အကျိုးကျေးဇူးများအား အသိပညာပေး ဟောပြောကြသည်။
ဟောပြောပွဲသို့ (အ.မ.က)ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၂၈)ဦး တက်ရောက်ကြပြီး ဆေးလိပ်အန္တရာယ်အကြောင်း သိကောင်းစရာနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးလက္ခဏာများပါဝင်သော အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်များ ပြသထားခြင်းကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)