ကန့်ဘလူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ဟင်းသီးဟင်းရွက် ၁၉၇၈ ဧကစိုက်ပျိုးပြီးစီး

ကန့်ဘလူ ဩဂုတ် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်များစိုက်ပျိုးမှုကို ဇွန်လဆန်းက စတင်စိုက်ပျိုးခဲ့ပြီး လက်ရှိအချိန်တွင် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်စုံ ၁၉၇၈ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ကန့်ဘလူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ဒီ ၂၀၂၄- ၂၀၂၅ မိုးသီးနှံစိုက်ပျိုးတဲ့ကာလမှာ စားဖိုဆောင်သီးနှံဟင်းသီးဟင်းရွက်စုံ ၁၉၇၈ ဧကစိုက်ပျိုးနိုင်ခဲ့ပါတယ်။ စားဖိုဆောင်သီးနှံတွေ စိုက်ပျိုးနိုင်ဖို့အတွက် မျိုးစေ့၊ နည်းပညာတွေနဲ့ အခြားပံ့ပိုးမှုတွေကို မစိုက်ပျိုးမီ စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်ပေးခဲ့ပါတယ်။ စားဖိုဆောင်သီးနှံတွေအနေနဲ့ ခရမ်း၊ မုန်လာ၊ ကိုက်လန်၊ မုန်ညင်း၊ ငရုတ်၊ နံနံ၊ တိုင်ထောင်ပဲကျောက်ဖရုံ၊ ဘူးသီး၊ ရုံးပတီစတဲ့ ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးထားပါတယ် ” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးဇော်ကပြောသည်။

ကန့်ဘလူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုအနေဖြင့် ပန်းကော်ဖီ၊ မုန်လာ၊ မုန်ညင်း၊ နံနံ၊ ကိုက်လန်၊ ခရမ်း၊ ခရမ်းချဥ်သီး၊ ဆူးပုတ်၊ ငရုတ်၊ ဘူးသီး၊ ကျောက်ဖရုံ၊ ကြက်သွန်နီ၊ ရုံးပတီ၊ တိုင်ထောင်ပဲ စသည်တို့ကို စိုက်ပျိုးခဲ့ကြောင်း၊ အဆိုပါသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက စိုက်ခင်းများအရောက်ကွင်းဆင်းပြီး တောင်သူများနှင့်တွေ့ဆုံကာ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စပါးအပြင် ကြံ၊ နေကြာ၊ မြေပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ မတ်ပဲ၊ ချဥ်မျဥ်ရှည်ဝါ၊ ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ နှမ်း၊ ငရုတ်၊သခွား၊ ဖရဲ၊ ခရမ်း၊ ခရမ်းချဥ်သီး စသည့်သီးနှံမျိုးစုံတို့ကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်များကိုလည်း ရာသီအလိုက် တစ်ပိုင်တစ်နိုင်အဖြစ်လည်းကောင်း၊ စီးပွားဖြစ်အနေဖြင့်လည်းကောင်း စိုက်ပျိုးကာ တစ်ဖက်တစ်လမ်းမှ မိသားစုစီးပွားရေးအဆင်ပြေစေရေး နှစ်စဥ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)