လက်ပံတန်း ဩဂုတ် ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ မြို့နယ်ကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းအောင်က အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးကျော်စိုးမိုးက ၂၀၁၃ ခုနှစ် သန်းခေါင်စာရင်းဥပဒေနှင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေးအတွက် စာရင်းစစ်၊ စာရင်းကောက်နည်းပြသင်တန်း၊ ဆင့်ပွားသင်တန်းဖွင့်လှစ်မည့် အခြေအနေများနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
လက်ပံတန်းမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ကွက် ယူနစ်ပေါင်း ၉၃၀ ရှိပြီး စာရင်းစစ်၊ စာရင်းကောက်အဖွဲ့ဝင် ၂၀၄ ဦးရှိရာ သာယာဝတီခရိုင်၌ စက်တင်ဘာ ၃ ရက်နေ့တွင်ဖွင့်လှစ်မည့် စာရင်းစစ်၊ စာရင်းကောက်နည်းပြသင်တန်းသို့ တက်ရောက်မည့် အဖွဲ့ဝင် ၁၂ ဦးအား မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက စာရင်းကောက်ယူရေး Tablet နှင့် အထောက်အကူပြု ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)