မုံရွာ ဩဂုတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာ တိုင်းဒေသကြီးအဆင့် နည်းပညာသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေ (၃) နာရီအချိန်က တိုင်းဒေသကြီးလွှတ်တော်ရုံးရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီး သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌက သင်တန်းကာလ (၁၀) ရက်တာ မှာ သန်းခေါင်စာရင်း မေးခွန်းများမှာ ပါဝင်သည့် လူဦးရေဆိုင်ရာ အကြောင်းအရာများဖြစ်သော၊ ပြည်တွင်းရွှေ့ပြောင်းသွားလာမှု၊ ပညာရေး၊ လုပ်သားအင်အား၊ မွေးဖွားမှု၊ မသန်စွမ်းမှု၊ ပြည်ပရွှေ့ပြောင်းသွားလာမှုများနှင့် အိမ်အကြောင်းအရာများနှင့်ပတ်သက်သော ဘာသာရပ်များစသည့် သင်ခန်းစာများအားလုံးကို ကျေကျေညက်ညက်သိရှိပြီး လက်တွေ့နယ်ပယ်တွင် အောင်အောင်မြင်မြင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြမည်ဖြစ်ပါကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ထို့နောက် သင်တန်းတက်ရောက်ပြီးကြသည့် ခရိုင်ကိုယ်စားပြု သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းကတ်များကို တိုင်းဒေသကြီး သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့ကြပြီးနောက် စုပေါင်းမှတ်တင်ဓါတ်ပုံ ရိုက်ကူး ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)