မုံရွာ ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာကန်အတွင်း မုံရွာခရိုင်မီးသတ်ဦးစီးဌာနမှကြီးမှူးပြီး ရေပြင်ရှာဖွေကယ်ဆယ်ရေးနှင့် speed boat မောင်းနှင်ခြင်းသင်တန်းကို ဇန်နဝါရီလ (၇)ရက်နေ့မှ (၉)ရက်နေ့ အထိ (၃)ရက်လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
“စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၏ လမ်းညွှန်မှုနဲ့ မုံရွာခရိုင်အတွင်းရှိ (၄)မြို့နယ်မှ ရှာဖွေ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင် (၃၅)ဦးပါဝင်တဲ့ တပ်စုတစ်စုကို ရေကူး၊ စပိဘုတ်မောင်းနှင်ခြင်း၊ ရေငုတ်သင်တန်း၊ ရေအောက်ရှာဖွေရေး၊ ရေပေါ်မီးငြှိမ်းသတ်ခြင်း ဖြစ်ပွားလာတဲ့ ရေယာဉ်နစ်မြုပ်မှု၊ ရေနစ်သူကို ရှာဖွေကယ်ဆယ်တာတို့မှာ လျင်မြန်စွာတုံ့ပြန်နိုင်ဖို့ လေ့ကျင့်သင်ကြားပေတာဖြစ်တယ်၊ သဘာ၀ဘေးတွေ၊ ရေဘေးတွေကြောင့်ဖြစ်တဲ့ မတော်တဆမှုတွေမှာ တပ်ဖွဲ့ဝင်တွေ အချိန်မီလုပ်ဆောင်နိုင်ဖို့ အတွက် သင်ကြားပေးနေတာ ဖြစ်တယ်” ဟု မုံရွာခရိုင်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးတင်ကိုကိုက ပြောသည်။
၎င်းသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၏ လမ်းညွှန်မှုအရ မုံရွာခရိုင်မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ပြီး မုံရွာခရိုင်အတွင်းရှိမုံရွာ၊ ဘုတလင်၊ ချောင်းဦးနှင့် အရာတော်မြို့နယ်များမှ ရှာဖွေကယ် ဆယ်ရေးမီးသတ်တပ်ဖွဲ့ဝင်(၃၅)ဦးတို့ဖြင့် ရေကူး၊ စပိဘုတ်မောင်းနှင်ခြင်း၊ ရေငုတ်သင်တန်း၊ ရေအောက်ရှာဖွေရေး၊ ရေပေါ်မီးငြှိမ်းသတ်ခြင်းတို့ကို သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
“ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ဖို့ အဓိကကျတဲ့စက်ပစ္စည်းတွေကို တပ်ဖွဲ့ဝင်တွေအနေနဲ့ကျွမ်းကျင် ပိုင်နိုင်စွာကိုင်တွယ်နိုင်ဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့လေ့ကျင့်တယ်၊ စပိဘုတ်မောင်းနှင်မှုကို တပ်ဖွဲ့ဝင်အားလုံး မောင်းတတ် အောင်လေ့ကျင့်တယ်၊ ခေတ်မီရေပြင်ရှာဖွေကယ်ဆယ်ရေးပစ္စည်းတွေကို အသုံးပြုမဲ့တပ်ဖွဲ့ဝင်တွေ ကျွမ်းကျင်ဖို့ အတွက်လေ့ကျင့်တယ်၊ ခက်ခဲမှုအနေနဲ့က ရေပြင်နဲ့မြေပြင်က တစ်ခုနဲ့တစ်ခုက မတူဘူး၊ မြေပြင်မှာတော့ မတော်တဆမှုတွေကို ခက်ခက်ခဲခဲကယ်ဆယ်ရတဲ့ ဖြစ်စဉ်တွေရှိသလို ရေပြင်မှာက ပိုပြီးခက်ခဲတယ်၊ ကယ်ဆယ်ရေးလုပ်ရတဲ့ သူအတွက်ပိုပြီး ခက်ခဲတယ်၊ ကယ်တဲ့သူအတွက် ပိုပြီးအန္တရာယ်များတယ်၊ မတော်တဆ မှုဖြစ်တဲ့သူနဲ့ ကယ်ဆယ်ရေးလုပ်တဲ့သူတွေ အန္တရာယ်ကင်းရှင်းဖို့အတွက် ပိုပြီး လေ့ကျင့်ပေးရတယ်၊ အခုလို လေ့ကျင့်တဲ့ အတွက်ခေတ်မီပစ္စည်းကိရိယာတွေနဲ့ တပ်ဖွဲ့ဝင်တွေမစိမ်းတော့တဲ့ အတွက် ရှာဖွေကယ်ဆယ်ရေး လုပ်တဲ့အချိန်မှာတော့ အချိန်မီ၊ မြန်မြန်ဆန်ဆန်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်၊ ပျက်စီးဆုံးရှုံးမှုလည်းနည်းသွားမှာ ဖြစ်ပါတယ်” ဟု မုံရွာခရိုင်မီးသတ်ဦးစီးမှူး ဦးညီညီဇော်က ပြောသည်။
မုံရွာခရိုင်အတွင်း ၂၀၁၉ ခုနှစ်တွင် ရေပြင်ရှာဖွေကယ်ဆယ်ရေး (၂၂)ကြိမ်နှင် မြေပြင်ရှာဖွေရေး (၂၁)ကြိမ်တို့ လုပ်ဆောင်ခဲ့ရာတွင် ရေပြင်ရှာဖွေရေးတွင် ရေနှစ်သေဆုံးသူ (၂၅)ဦးခန့်ကို ရှာဖွေခဲ့ရကြောင်း ခရိုင်မီးသတ် ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)