ပေါင်းတည် သြဂုတ် ၃၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ လစဉ်လုပ်ငန်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးမြင့်လှိုင် အဖွင့်အမှာစကားပြောကြားသည်။ ထိုသို့ အမှာစကားပြောကြားရာ၌ ရုံးဌာနများလုံခြုံရေး၊ ရုံးဝန်းကျင်သန့်ရှင်းရေး၊ ဗုဒ္ဓမြတ်စွယ်တော်အပူဇော်ခံပွဲကျင်းပနိုင်ရေး၊ တည်ဆောက်ပြုပြင်လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ရေး၊ မိုးစပါးအထွက်ကောင်းရေးအတွက် လယ်လုပ်ငန်းအဆင့်ဆင့်ကို စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ကြပ်အဖွဲ့များပူးပေါင်းဆောင်ရွက်ကြရေး၊ မတ်ပဲနှင့်ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး၊ ဒေသဝက်များ တစ်နိုင်တစ်ပိုင် မွေးမြူနိုင်ရန် သက်ဆိုင်ရာ ဌာနများမှပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် အိမ်နီးချင်းနိုင်ငံများတွင် လက်တလောဖြစ်ပေါ်နေသော မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ရေးအကြောင်းတို့ကို မှာကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဌာနဆိုင်ရာအကြီးအကဲများကို လုံခြုံရေးနှင့်စပ်လျဉ်း၍မှာကြားပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းကိစ္စရပ်များ၊ အခက်အခဲများကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေသား( ပြန်/ဆက်)