ပေါင်းတည် သြဂုတ် ၃၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် အ-ထ-က(မြို့မ)၌ ယနေ့နံနက် ၉ နာရီက ကြက်ခြေနီအကြောင်းသိကောင်းစရာနှင့် ရှေးဦးပြုစုခြင်းအကြောင်း ဟောပြောပွဲကျင်းပပြုလုပ်သည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီးကိုယ်စားအထက်တန်းပြဆရာကြီး ဦးခင်မျိုးက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကြည်ထွန်းက လက်တလော ဖြစ်ပေါ်လျက်ရှိသောအခြေအနေတွင် ကြက်ခြေနီတပ်ဖွဲ့မှ ပြည်သူ့အကျိုးဆောင်ရွက်နေမှုများကို အသိပညာပေးပြောကြားပြီး ကြက်ခြေနီအကြောင်းသိကောင်းစရာများကို အကျယ်တဝံ့ပြောကြားသည်။
ဆက်လက်၍ ရှေးဦးပြုစုခြင်းအကြောင်းကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များက တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့ပြသ ဟောပြောခဲ့ကြကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ ၂၅၀ ခန့် တက်ရောက်ခဲ့ကြကြောင်းနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များဖြည့်တင်းဖွဲ့စည်းရေးအတွက် ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)