ပေါက်ခေါင်း ဩဂုတ် ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ကျေးရွာများရှိ မိုးမြေပဲစိုက်ပျိုးသည့်တောင်သူများ ယခုရက်ပိုင်းအတွင်းစတင်နှုတ်သိမ်းနေပြီဖြစ်ရာ မိုးဦးမိုးရွာသွန်းမှုအားကောင်းသောကြောင့် အပင်ဖြစ်ထွန်းမှုနှင့်ဥနှုန်းအားကောင်းကြောင်း မိုးမြေပဲစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးဦးမိုးရွာသွန်းမှုအားကောင်းသောကြောင့် မိုးမြေပဲကို မေလလယ်မှ စတင်စိုက်ပျိုးခဲ့ကြောင်း၊ မိုးမြေပဲစိုက်ပျိုးချိန်မှစတင်၍ မိုးရေချိန်၊ အပူအအေးမျှတသဖြင့် အပင်နှင့်အသီးဖြစ်ထွန်းမှုအားကောင်းပြီး အထွက်နှုန်းလည်းတိုးတက်ကောင်းမွန်ကြောင်း မြေပဲစိုက်တောင်သူများထံမှ သိရသည်။
“မိုးမြေပဲကို မေလလယ်က စတင်စိုက်ပျိုးပြီးတော့ စတင်စိုက်ပျိုးချိန်ကနေ အခုနှုတ်သိမ်းချိန်ထိ (၃)လ ကျော်ကြာမြင့်ပါတယ်၊ ခုနှစ်ကစိုက်ပျိုးစရိတ်ရယ်၊ ပိုးသတ်ဆေးတွေပိုပြီးအသုံးပြုရတယ်၊ ဈေးမြင့်လာတယ်ပေါ့၊ ဒီနှစ်မြေပဲပေါ်ချိန်မှာတော့ အခွံပါ(၁၈)ပြည်တင်းနဲ့ တစ်တင်းကို(၄၅၀၀၀)ကျပ်ဈေးနဲ့ရောင်းရတယ်၊ ပြီးခဲ့တဲ့နှစ်ကတော့(၄၀၀၀၀)ကျပ်ပဲရတယ်၊ အခွံခွာပြီးမြေပဲဆံကတော့ တစ်ပိသာကိုကျပ် ၉၀၀၀ ရရှိပါတယ်၊ အထွက်နှုန်းကတော့ ယခုနှစ်တစ်ဧကကိုတင်း ၆၀ ကျော် ၇၀ လောက်ထွက်ပါတယ်”ဟု စောကဲကျေးရွာ မိုးမြေပဲစိုက်ပျိုးသည့်တောင်သူတစ်ဦးကပြောကြားသည်။ ပေါက်ခေါင်းမြို့နယ်တွင် ဆီထွက်သီးနှံမိုးမြေပဲ(၁၅၃၄၃)ဧကကို တောင်သူများ၏ လယ်ယာစိုက်ပျိုးမြေများတွင် စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)