ဝေါ နိုဝင်ဘာ၂၀
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ဝေါမြို့နယ်အားကစားခန်းမတွင် နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က သရုပ်ပြပွဲသုံးပစ္စည်းများ၊ အားကစားအထောက်အကူပြုပစ္စည်းများ၊ လေ့ကျင့်ရေးနှင့်ပြိုင်ပွဲသုံး အားကစားပစ္စည်းများအား မြို့နယ်အားကစားနှင့် ကာယပညာကော်မတီများနှင့် အားကစားကလပ်များထံသို့ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးအောင်က အားကစားလုပ်ငန်းများ ဖော်ဆောင်မှု၏အခန်းကဏ္ဍတစ်ရပ်အနေဖြင့် အားကစား ပစ္စည်းများနှင့် အားကစားအထောက်အကူပြုပစ္စည်း ပြည့်စုံမှုသည် အခြေခံကျသည့် အချက်တစ်ချက်ဖြစ်သည့်အတွက် တိုင်းဒေသကြီးအတွင်းနေထိုင်ကြသည့် ပြည်သူလူထုအတွက် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများကို အဖက်ဖက်ကကောင်းမွန် ပြည့်စုံလာအောင် စီမံဆောင်ရွက်ပေးလျှက်ရှိရာ ပဲခူးတိုင်းဒေသကြီး၏ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် မျိုးချစ် စိတ်ဓာတ် ပိုမိုထက်သန်စေသည့် အားကစားကဏ္ဍကိုလည်း အစစအရာရာ ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အဓိက ကျသည့် ခရိုင်နှင့်မြို့နယ်များမှ အားကစားကွင်း၊ အားကစားရုံများကို အသစ် တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းများကို ဘတ်ဂျက်နှစ်အလိုက် ရန်ပုံငွေများခွင့်ပြုပေးပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားတိုးတက်အောင် ဆောင်ရွက် နေကြသည့် ဝေါမြို့နယ်အားကစားနှင့် ကာယပညာကော်မတီများနှင့် အားကစား ကလပ်များအတွက် အဓိကလိုအပ်နေသည့် အားကစားအထောက်အကူပြုပစ္စည်းများဖြစ်သည့် အားကစားအသုံးအဆောင်ပစ္စည်းများ၊ အားကစားရုံများတွင် အသုံးပြုရန် အားကစား အထောက်အကူပြုပစ္စည်းများ၊ အားကစားပစ္စည်းများ၊ အားကစားသမားများအတွက် မရှိမဖြစ်လိုအပ်သည့် မိမိတို့တိုင်းဒေသကြီး အားကစားအဆင့်အတန်း ဖွံ့ဖြိုးတိုးတက် အောင်မြင်ရေး အတွက် အားကစားနည်းအလိုက် ဆပ်ကော်မတီများအနေဖြင့် အထူးကြိုးစား ဆောင်ရွက်နေမှုအား ၂၀၁၉-၂၀၂၀ဘဏ္ဍာ ရေးနှစ် ခွင့်ပြုရံပုံငွေကျပ်ဖြင့် အားကစားပစ္စည်းများ ဝယ်ယူခဲ့မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးအောင်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးမျိုးကြည်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သန်းနှင့်မြို့နယ်အား/ကာဦးစီးမှူး ဦးအောင်လင်းတို့ထံ အားကစားနှင့်ကာယပညာ ကော်မတီများအတွက် အားကစားပစ္စည်းများကိုလည်းကောင်း၊ အားကစားကလပ်များမှ တာဝန်ရှိသူများထံသို့ သင်တန်းနှင့်သရုပ်ပြပွဲသုံးပစ္စည်းများ၊ အားကစား အထောက်အကူပြု ပစ္စည်းများ၊ လေ့ကျင့်ရေးနှင့်ပြိုင်ပွဲသုံး အားကစားပစ္စည်းများကိုလည်းကောင်း ထောက်ပံ့ ပေးအပ်ကြကြောင်းသိရသည်။
ယင်းနောက် တိုင်းဦးစီးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များက အား/ကာ ဝန်ထမ်းအိမ်ယာ တည်ဆောက်မည့် နေရာအားကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်းသိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)