ဇလွန် ဩဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အမျိုးသားခန်းမ၌ ကျင်းပပြုလုပ်သော စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားတွင် လာရောက်လေ့လာကြသော ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ ရင်တွင်းစကားသံများကို ယခုလိုကြားသိရပါတယ်.......
ဟင်္သတခရိုင် ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီ
ကျွန်မကတော့ ဇလွန်မြို့နယ်ပညာရေးမှူးတာဝန်ခံအဖြစ်နဲ့ရောက်လာပြီး တာဝန်ထမ်းဆောင်ရတဲ့ ဟင်္သာတခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီ ဖြစ်ပါတယ်ရှင်။ ကျွန်မ(၂၂)ရက်နေ့ကစပြီး ဒီကိုတာဝန်ခံအနေနဲ့ရောက်ရှိလာပါတယ်။ အဲလိုရောက်ရှိလာပြီးတဲ့အချိန်မှာ ဝန်ကြီးချုပ်ကိုယ်တိုင်တက်ရောက်မယ်ဆိုတဲ့ ဒီပွဲတော်ကြီးကိုပါဝင်ပြီးတော့ စတင်ထမ်းဆောင်ရတာဖြစ်တဲ့အတွက် အနည်းငယ်တော့စိုးရွံ့ထိတ်လန့်မှုတွေရှိပေမယ့်လည်း ကျွန်မရဲ့တာဝန်ထမ်းဆောင် ရတဲ့အချိန်မှာ ကြုံတွေ့ရတဲ့ပွဲကြီးကို အောင်မြင်အောင် ကိုယ်စွမ်းကိုယ်စရှိသမျှနှင့်ထုတ်ပြီး ကြိုးစားမယ်ဆိုပြီးတော့ ကျွန်မကျရာတာဝန်ကနေပြီးတော့ ကိုယ့်မြို့နယ်အတွက် မြို့နယ်ကဆရာကြီး ၊ ဆရာမကြီးအားလုံးနဲ့ ညှိနှိုင်းပြီးဒီပွဲတော်ကြီးကို အောင်မြင်အောင်ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ အခုလိုဆောင်ရွက်ခွင့်ရတဲ့အတွက်လည်း အထူးပဲဝမ်းသာဂုဏ်ယူမိပါတယ်။ ကျွန်မတို့ ဟင်္သာတခရိုင် (၃)မြို့နယ်မှာ ဇလွန်မြို့နယ်သည် ပထမဦးဆုံးအကြိမ်ဒီပွဲကြီးကို စတင်ကျင်းပပြီးတော့ အခုလို အောင်အောင်မြင်မြင်လှလှပပနဲ့ တစ်ထောင့်တစ်နေရာကနေ ကျွန်မအနေနဲ့ တာဝန်ထမ်းဆောင်ပြီးတော့ အောင်မြင်စွာထမ်းဆောင်နိုင်တဲ့အတွက်လည်း အထူးပဲဝမ်းသာမိပါတယ်။ ဒီလိုပွဲကို ကျွန်မတို့ဇလွန်မြို့နယ်မှာ လာရောက်ပြီးတော့ လုပ်တဲ့အတွက်လည်း ကျွန်မတို့ရဲ့ ကျောင်းသူ ကျောင်းသားများ ဆရာ၊ ဆရာမတွေနဲ့ မိဘပြည်သူတွေပါ အားလုံးပါဝင်တဲ့ ပွဲတော်ကြီးကို ဆောင်ရွက်ခွင့်ရတယ်။ အတွေ့အကြုံတွေလည်းရရှိတယ်၊ ဗဟုသုတတွေအများကြီး တိုးတက်တာဖြစ်တဲ့အတွက်လည်း ဒီလိုပွဲတော်ကြီးတွေကို ကျင်းပပေးသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့ တာဝန်ရှိသူအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။
အ.ထ.က (၁) ဇလွန် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဝင်း
ကျွန်မကတော့အထက(၁)ဇလွန်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဝင်းဖြစ်ပါတယ်ရှင်၊ ကျွန်မတို့ခု အ.ထ.က(၁)ဇလွန်မှာ ကျင်းပပြုလုပ်တဲ့ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနား လာရောက်ကျင်းပပေးတဲ့အတွက် ကျွန်မက လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ရှိပါတယ်။ ကျွန်မတို့ကျောင်းမှာ လာရောက်ကျင်းပပေးတဲ့အတွက် ကျွန်မတို့ရဲ့ကလေးတွေလည်း စာအုပ်စာပေတွေကို လေ့လာခွင့်ရပါတယ်။ အတွေ့အကြုံအသစ်တွေလည်း အများကြီးရပါတယ်။ ပြပွဲ၊ ပြိုင်ပွဲတွေလည်း ကျွန်မတို့နဲ့အတူ ဇလွန်တစ်မြို့နယ်လုံးမှာရှိတဲ့ကလေးတွေအားလုံး လေ့လာခွင့်ရတဲ့အတွက် အရမ်းလည်းဝမ်းသာပါတယ်။ အတွေ့အကြုံအသစ်တွေရတဲ့အတွက် အထူးလည်းကျေးဇူးတင်ပါတယ်။ ခရိုင်မှာ ကျွန်မတို့မြို့နယ်က ပထမဆုံးဖြစ်တဲ့အတွက် တစ်မြို့နယ်လုံးက ကြိုးစားပမ်းစားအားထုတ်ထားကြပါတယ်။ အခမ်းအနားကို ကျင်းပပေးတဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာအသီးသီးကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ နောက်နောင်လည်း ဒီလိုပွဲမျိုးတွေကို ကျင်းပပေးနိုင်ပါစေလို့ ဆုတောင်း ပါတယ်။
မောင်အာကာမျိုး (Grade- 11)
ကျွန်တော်ကတော့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၁)ဇလွန်မှ ဧကဒဿမတန်းကျောင်းသား မောင်အာကာမျိုးဖြစ်ပါတယ်။ ကျွန်တော်က ဒီနေ့စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနား လူငယ်စကားဝိုင်းအစီအစဉ်မှာ ပါဝင်ဆွေးနွေးတဲ့ခဲ့ပါတယ်။ ကျွန်တော်အနေနဲ့ ဒီလိုအခမ်းအနားမှာ ဝင်ရောက်ဆွေးနွေးရတဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ စာပေတွေကို ပိုဖတ်ဖြစ်တယ်။ ဒီလိုအခမ်းအနားမှာ ဝင်ရောက်ပြောဖို့အတွက်ဆိုရင် ကျွန်တော်တို့မှာ စာပေဗဟုသုတတွေ လေ့လာရတဲ့အတွက်ကြောင့် စာပေဗဟုသုတတွေ ပိုတိုးပွားစေပါတယ်။ ဒီပွဲမှာဆိုရင် ကလေးတွေအတွက်ဆိုရင် ဂိမ်းပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတွေရှိတယ်။ စာအုပ်အရောင်းဆိုင်တွေရှိတဲ့အတွက် ကျွန်တော်တို့တွေဟာစာပေတွေနဲ့ ပိုပြီးနီကပ်စွာ ထိတွေ့ရတယ်။ ဒီလိုထိတွေ့ရတဲ့အတွက်ကြောင့် လူငယ်တွေနဲ့ စာဖတ်ခြင်းကို ပိုမိုနှစ်သက်လာတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့မှာ အကျိုးကျေးဇူးတွေ ဗဟုသုတတွေ အမြောက်အများရရှိနိုင်ပါတယ်။ အခုလိုဒီလိုပွဲမျိုးကို ကျွန်တော်တို့ ပါဝင်ဆင်နွှဲခွင့်ရတဲ့အတွက်ကြောင့် အထူးပဲကျေးဇူးတင်ပါတယ်။ ဒီလိုပွဲမျိုးကို ဆောင်ရွက်ပေးတဲ့အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့မြို့မှာလည်း ဒီလိုပွဲမျိုးတွေ နောင်မှာအများကြီးထပ်ပြီးရှိလာဖို့လည်း မျှော်လင့်ပါတယ်။
မဟန်နွယ်လင်း Grade 10
မင်္ဂလာပါကျွန်မကတော့ မဟန်နွယ်လင်းပဲဖြစ်ပါတယ်။ ကျွန်မကတော့ အ.ထ.က(၁)ဇလွန်မှ Grade-10 ပညာသင်ကြားနေတဲ့ ကျောင်းသူလေးဖြစ်ပါတယ်။ ကျွန်မတို့ ဒီလိုပွဲမျိုးလေးမှာ ပါဝင်ဆင်နွှဲခွင့်ရတဲ့ အတွက်အထူးပင်ဝမ်းမြောက်မိပါတယ်။ ဒီပွဲလေးကိုပြုလုပ်ပေးခြင်းဖြင့် စာပေဗဟုသုတတွေလည်း ကလေးတွေအတွက်တိုးပွားမယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ ကျွန်မအတွေ့အကြုံကတော့ ဒီလူငယ်စကားဝိုင်းမှာ ဝင်ရောက်ဆွေးနွေးခွင့်ရတဲ့အတွက် အခြားအတွေ့အကြုံတွေလည်း များစွာရရှိခဲ့ပါတယ်။ ကလေးတွေအတွက်ဆိုရင်လည်း ဒီပွဲလေးပြုလုပ်ပေးခြင်းက သူတို့အတွက်ပျော်ရွှင်ရတဲ့အပြင် အခြားဗဟုသုတတွေလည်း ရရှိနိုင်မယ်လို့ ကျွန်မထင်ပါတယ်။ ဒီပွဲလေးကိုဖြစ်မြောက်အောင်ကူညီဆောင်ရွက်ပေးကြတဲ့ လူကြီးတွေကိုလည်း ကျွန်မအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။
မစုဝါလှိုင် (Grade -12)
သမီးကတော့ ဇလွန်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဒွါဒဿမတန်း(ခ)မှာ ပညာသင်ယူနေပညာသင်ကြားနေတဲ့ မစုဝါလှိုင်ဖြစ်ပါတယ်။ သမီးကတော့ စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကို ကျင်းပပေးတဲ့အတွက် သမီးအရမ်းပျော်ပါတယ်။ လွန်ခဲ့သောနှစ်တွေကလည်း ကလေးစာပေ ပွဲတော်တွေကျင်းပပေးခဲ့တုန်းကလည်း တကယ်ပျော်ပါတယ်။ ဒီနှစ်ကတော့ ဒီလူငယ်စကားဝိုင်းဆွေးနွေးပွဲမှာ ကိုယ်တိုင်လည်းပါဝင်ခွင့်ခဲ့ပါတယ်။ ဒီလူငယ်စကားဝိုင်းမှာ ပါဝင်ရတဲ့အတွက် တော်တော်လေးဗဟုသုတတွေလည်းရပါတယ်။ ကိုယ်ကနေပြီးအခြားသူတွေကို ဗဟုသုတတွေပြန်ပေးရတဲ့အတွက် ဝမ်းသာပါတယ်။ ဒီလိုမျိုးစာပေပွဲတော်တွေ ကျင်းပရတဲ့အတွက် ကျောင်းသား လူငယ်တွေအားလုံးမှာလည်း အကျိုးတော်တော်များများ ရတယ်ပေါ့နော်။ ဒီလိုပွဲတွေလည်းနောက်ထပ်ထပ်ပြီး ကျင်းပပေးဖို့် မျှော်လင့်ပါတယ်။
ဒေါ်အေးမြင့်သိန်း (ဦးစီးအရာရှိ)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပတဲ့ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျင်းပ ပေးခြင်းအားဖြင့် ကျောင်းသား/သူများအနေဖြင့်လည်း စာပေဖတ်ရှုတဲ့ အလေ့အထတွေကို ရရှိစေပါတယ်။ စာပေဖတ်ရှုတဲ့ အလေ့အထတွေရရှိခြင်းအားဖြင့်လည်း လူငယ်စကားဝိုင်းများမှာ တွေမှာပြောရဲဆိုရဲနှင့် ပြောတတ်ဆိုတတ်တဲ့အလေ့အကျင့်တွေလည်း ရရှိစေပါတယ်ရှင်။ ကျွန်မတို့ ဒီနေ့အခမ်းအနားမှာ ဆိုရင်ဖြင့် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာပြိုင်ပွဲများအပြင် အလွတ်တန်းပန်းချီပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲများကိုလည်း ဆောင်ရွက်လျက် ရှိပါတယ်ရှင်။ ကျွန်မတို့ရဲ့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်လည်း ဖွံ့ဖြိုးဝေစည် ဧရာဝတီဓာတ်ပုံပြပွဲ၊ လှပသာယာပြည်မြန်မာ ဓာတ်ပုံပြခန်းနှင့် စာအုပ်စာစောင်ပြခန်းများကိုလည်း ပြသဆောင်ရွက်ထားရှိပါတယ်။ ဒါအပြင် အလွတ်တန်း အားကစားပြိုင်ပွဲများအနေဖြင့်လည်း ဘောလုံးဂိုးငယ်သွင်းပြိုင်ပွဲ၊ သုံးပေါက်ထိုးပြိုင်ပွဲ၊ ကြိုးခုန်ပြိုင်ပွဲနှင့် ပင်ပေါင်ဘောလုံးသယ်ယူခြင်းပြိုင်ပွဲများ ကိုလည်းဆောင်ရွက်လျက်ရှိပါတယ်ရှင်။ ယခုလိုမျိုး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွေကို ကျင်းပပေးခြင်းအားဖြင့် ကျောင်းသားလူငယ်များအနေဖြင့်လည်း စာပေဖတ်ရှုတဲ့အလေ့အထတွေရရှိပြီးတော့ အသိပညာဗဟုသုတတွေကိုလည်း တိုးပွားလာစေပါတယ်ရှင်။ အဲဒါကြောင်မို့ ကျွန်မတို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဆက်လက်ပြီးတော့ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုလည်း ပညာရေးဌာနနှင့်ပူးပေါင်းပြီးတော့ ဆက်လက်ဆောင်ရွက်သွားပါမယ်ရှင် အားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။
ဟင်္သာတခရိုင်(ပြန်/ဆက်)