ဆင်ပေါင်ဝဲမြို့နယ်တွင် ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကျင်းပ

ဆင်ပေါင်ဝဲ ဩဂုတ် ၃၀

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူလူငယ်များ စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်​လာစေရန်အတွက် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက အဆိုပါပွဲတော်နှင့်ပတ်သက်၍ ​ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များ၊ ပြပွဲ/ ပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဥ်များ ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စိန်က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် မိမိတို့တာဝန်ကျရာ ကော်မတီ/ ဆပ်ကော်မတီများအလိုက် တက်ကြွစွာပါဝင်ဆောင်ရွက်ကြရန်၊ ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး သက်ဆိုင်ရာကော်မတီများမှ အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)