ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တိုင်းရင်းသားရေးရာ သိကောင်းစရာဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်

ဟားခါး သြဂုတ် ၃၀

တိုင်းရင်းသားရေးရာ သိကောင်းစရာ ဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊  ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တိုင်းရင်းသားရိုးရာ အကအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ ချင်းရိုးရာအကအဖွဲ့က “ချင်းတောင်တန်းမှ ဖိတ်ခေါ်တယ်” သီချင်းဖြင့် ကပြဖျော်ဖြေ ကြပြီးနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ကျွန်တော်တို့၏ နိုင်ငံတော်သည် ရောင်စုံပန်းအိုးပမာ ကိုယ်စီယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့ထုံးစံများ၊ မတူကွဲပြားသည့် ဝိသေသ လက္ခဏာများနှင့် သမိုင်းကြောင်းပိုင်ဆိုင်ကြသည့် တိုင်းရင်းသားလူမျိုးပေါင်း (၁၀၀) ကျော် ငြိမ်းချမ်း စွာ အတူယှဉ်တွဲ မှီတင်းနေထိုင်သည့် နိုင်ငံတော်ကြီးဖြစ်သည်ကို အားလုံးအသိဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အခန်း(၁) နိုင်ငံတော်၏ အခြေခံမူဝါဒများအပိုင်းတွင် နိုင်ငံတော်ကို တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားကြောင်း၊ တိုင်းရင်းသားများ၏ ရေးရာကိစ္စရပ်များ၊ အခွင့်အရေးများဖြစ်သည့် စကား၊ စာပေ၊ အနုပညာ၊ ဓလေ့ထုံးတမ်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ပျက်စီးကွယ်ပျောက်ခြင်းများမှ ကာကွယ်စောင့်ရှောက်ခြင်းများကို နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြဋ္ဌာန်းခဲ့သည့်နည်းတူ နိုင်တော်တွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများအရေးကို အနီးကပ်ဆောင်ရွက်နိုင်ရန် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို (၂၀၀၆) ခုနှစ်တွင် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ မိမိတို့ ချင်းတိုင်းရင်းသားများက နိုင်ငံတော်တည်ဆောက်ရေးဖြစ်စဉ်များတွင် အစဉ်အဆက်တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည့် ကောင်းမွန်သည့် သမိုင်းကြောင်းများ ပိုင်ဆိုင်ခဲ့သည်ကို ဂုဏ်ယူဖွယ် တွေ့မြင်ရပါကြောင်း၊ ရှေးဘိုးဘေးများ၏ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု၊ ပြည်ထောင်စုကို ချစ်မြတ်နိုးမှု၊ အခြားတိုင်းရင်းသားများနှင့် ချစ်ကြည်ရင်းနှီးစွာ နေထိုင်တတ်မှု စသည့်ကောင်းမွန်သည့် အစဉ်အလာများကို ယနေ့ခေတ် လူငယ်များအနေဖြင့် အတုယူ၍ ရှင်သန်ဖွံ့ဖြိုးလာရန်နှင့် မွေးမြူတတ်ရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုဖွား တိုင်းရင်းသားတိုင်း မိမိ၏ ဖြစ်တည်မှုကို ဂုဏ်ယူပြီး မိမိရောက်ရာဒေသမှာ အခြေချနေထိုင်သည့် တိုင်းရင်းသားများ၏ အရေးကိစ္စများကို စေတနာမှန်ကန်ပြီး အပြန်အလှန် လေးစားတန်ဖိုးထားမှုကို အခြေခံသည့် ပြုမူဆောင်ရွက်မှုများသည် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဉ် တစ်ရပ်ပင်ဖြစ်ကြောင်းနှင့် နိုင်ငံတော်ကြီး အေးချမ်းသာယာပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ချင်းပြည်နယ်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးထန်မွမ်းခိုင်က တိုင်းရင်းသားရေးရာအကြောင်း မိတ်ဆက်ဟောပြောကာ ပထမ ပိုင်းအစီအစဉ် ပြီးမြောက်သည်။

ဒုတိယပိုင်း အစီအစဉ်ကို ဟားခါးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ၊ ဗိုလ်တိုက်ချွန်းခန်းမ၌ ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက “လှပပြည်မြန်မာ” သီချင်းဖြင့် ကပြဖျော်ဖြေကြပြီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှက အဖွင့်အမှာစကားပြောကြားပြီးနောက် ချင်းပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထန်မွမ်းခိုင်က “တိုင်းရင်းသားအခွင့်အရေးနှင့် တိုင်းရင်းသား လူငယ်များ၏ အနာဂတ်အခွင့်အလမ်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  ပြည်နယ်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကိုင်ဂိုမန်က “တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့အကြောင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောကြသည်။

ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ထပ်မံသိရှိလိုသည်များကို မေးမြန်ကြရာ ချင်းပြည်နယ် တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတို့က ပြန်လည်ဖြေကြားခဲ့ကြောင်းနှင့် အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ ( ၂၀၀ ) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)