ရွှေတောင် ဩဂုတ် ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ လက်ဆွဲကောက်စိုက်စက်(၄)ခုဖြင့် ဗီယက်နမ်မျိုးစပါးအား စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်၊ မင်းကွန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၄၁၉(B)ကွန်းညှပ်စင်ကွင်းအတွင်းရှိ တောင်သူဦးခင်မောင်အေး၏ လယ်မြေ(၁)ဧကတွင် ကျင်းပခဲ့သည်။
အဆိုပါသရုပ်ပြပွဲသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
သရုပ်ပြပွဲ၌ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမျိုးအောင်က တက်ရောက်လာသူများအား လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုကို လက်တွေ့စိုက်ပျိုးပြသခဲ့ရာပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများမှ စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။ ရွှေတောင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီတွင် မိုးစပါး(၄၇၃၁၅)ဧကလျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)