ခန္တီးမြို့၌ ပင်ပိုင်းဆိုင်ရာမျိုးပွားခြင်း နည်းစနစ်များ တောင်သူနည်းပညာပေး သင်တန်းဖွင့်လှစ်

ခန္တီး သြဂုတ် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင်စိုက်ပျိုးရေးဦးစီးဌာနက ပြည်သူများအား သစ်သီးဝလံပင်များတွင် ပင်ပိုင်းဆိုင်ရာ မျိုးပွားနည်းစနစ်များ ရင်းနှီးကျွမ်းဝင်လာစေရန်နှင့် ပင်ပိုင်းဆိုင်ရာ မျိုးပွားနည်းစနစ် အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ သိရှိလာစေရန် ရည်ရွယ်၍ ပင်ပိုင်းဆိုင်ရာ မျိုးပွားခြင်း နည်းစနစ်များ တောင်သူနည်းပညာပေး သင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ခန္တီးခရိုင်စိုက်ပျိုးရေးဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခန္တီးခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနိုင်မော်လွင်က အဖွင့်အမှာစကားပြောကြားကာ သင်တန်းတွင် အသုံးပြုရမည့် သင်ထောက်ကူပစ္စည်းများအား တက်ရောက်လာကြသည့် သင်တန်းသား/သူများထံ ပေးအပ်ခဲ့ပြီး ဦးစီးအရာရှိ ဦးကျော်မြင့်ဦးက စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ဝေထားသည့် နဂါးမောက်သီးပင် စိုက်ပျိုးနည်း၊ မြေထုပ်စည်းမျိုးပွားနည်း စိုက်ပျိုးရေးနည်းပညာပေး လက်ကမ်းစာစောင်များပေးအပ်ရာ သင်တန်းသား/သူများကိုယ်စား တောင်သူဦးရက်ဆိုင်းက လက်ခံရယူခဲ့သည်။

ထို့နောက်  ခန္တီးခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးမင်းမင်းဇော်က သရက်ပင်မြေထုပ်စည်းခြင်းနှင့် နဂါးမောက်ကိုင်းပင်ထိုး မျိုးပွားခြင်း နည်းစနစ်များကို လက်တွေ့သရုပ်ပြသရာ သင်တန်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။ ဆက်လက်၍ သင်တန်းအား ပြုလုပ်ရာ ခရိုင်မျိုးစေ့တာဝန်ခံ ဦးဝင်းကျော်ထွန်းက ပင်ပိုင်းဆိုင်ရာ မျိုးပွားခြင်း နည်းစနစ်တွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ပင်ပိုင်းဆိုင်ရာ မျိုးပွားခြင်း ဆောင်ရွက်ပုံ အဆင့်ဆင့်တို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား/သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပြန်လည်ဖြေကြားပေးခဲ့သည်။ အဆိုပါ သင်တန်းသို့ သက်ဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံတောင်သူများ (၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)