ခန္တီးမြို့၌ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တောင်သူပညာပေး ဆွေးနွေးပွဲပြုလုပ်

ခန္တီး သြဂုတ် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ပြည်သူများအား လယ်ယာမြေများနှင့် ပတ်သက်၍လည်းကောင်း၊ မြေယာနှင့် ပတ်သက်၍လည်းကောင်း သိရှိနားလည်လာစေရန် ရည်ရွယ်၍ တောင်သူပညာပေး နွေးဆွေးပွဲကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က ခန္တီးခရိုင်စိုက်ပျိုးရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခန္တီးခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ အဖွဲ့ဝင် ဦးနိုင်မော်လွင်က ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီ အဖွဲ့ဝင် ဒေါက်တာရဲဝင်းက နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက်  မွေးမြူ​ရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် ချေးငွေဆိုင်ရာ ကိစ္စရပ်များကို ပြောကြားခဲ့သည်။

ဆက်လက်၍ ခန္တီးခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ အတွင်းရေးမှူး ဦးပြုံးက လယ်ယာမြေ ဥပဒေနည်းဥပဒေများနှင့်ပတ်သက်၍ လယ်ယာမြေ၏ အဓိပ္ပါယ်၊ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားနိုင်သူများ၊ လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်ထားရမည့်နေရာ၊ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားခြင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူ၏ အခွင့်အရေး စသည့်အကြောင်းအရာများနှင့် မြေလွတ်မြေရိုင်း ဥပဒေနည်းဥပဒေများအကြောင်းကို အကျယ်တဝင့် ရှင်းလင်း​ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ တောင်သူပညာပေး ဆွေးနွေးပွဲသို့ သက်ဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံတောင်သူများ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)