မုံရွာ ဩဂုတ် ၃၀
နိုင်ငံတကာပြည်သူ့ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄ ရက်တွင် Mpox(မျောက်ကျောက်)ရောဂါကူးစက်မှုအား ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ပြီး ဖြစ်သည့်အတွက်ကြောင့် Mpox(မျောက်ကျောက်)ရောဂါလူနာနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်း (သို့မဟုတ်)ရောဂါ သံသယလက္ခာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး သတင်းပေးပို့၍ လိုအပ်သောစစ်ဆေး (စမ်းသပ်မှုနှင့်ကုသမှုခံယူရန် ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ် မျောက်ကျောက်ရောဂါကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၃) နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာမုံရွာတက္ကသိုလ် ခေတ္တပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာသန်းသန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီးနောက် မုံရွာတက္ကသိုလ်ဒဿနိကဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာ ဝါဝါနွယ်ဦးက “မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာများနှင့်စပ်လျဉ်း၍ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများအနေဖြင့် ရောဂါပိုးရှိသူနှင့်လိင်ဆက်ဆံသခြင်းမှ ကူးစက်ခြင်း၊ ရောဂါပိုးရှိသူနှင့် အရေပြားချင်းထိတွေ့ခြင်း၊ နမ်းရှုပ်ခြင်း၊ပွေ့ဖက်ခြင်းတို့မှတစ်ဆင့် ကူးစက်ခြင်း၊ရောဂါပိုးရှိသူနှင့် မျက်နှာချင်းဆိုင် အနီးကပ်တွေ့ဆုံခြင်းမှတစ်ဆင့် ကူးစက်ခြင်း၊ (စကားပြောခြင်း၊ အသက်ရှူခြင်း)ရောဂါပိုးရှိသူ၏ အနာများ၊ အညစ်အကြေးများနှင့် တိုက်ရိုက် ထိတွေ့မိရာမှတစ်ဆင့် ကူးစက်ခြင်း၊ ရောဂါပိုးများ ကပ်တင်ကျန်နေသည့် အသုံးအဆောင် ပစ္စည်းများ၊ မျက်နှာပြင်များကို လက်ဖြင့်ကိုင်တွယ်ထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်ခြင်း၊ မသန့်ရှင်းသောဆေးထိုးအပ်နှင့် ဆေးရုံသုံးပစ္စည်းများမှတစ်ဆင့် ကူးစက်ခြင်း၊ Mpox ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားရသည့် တိရစ္ဆာန်များနှင့် တိုက်ရိုက်ထိတွေ့မိရာမှတစ်ဆင့် ကူးစက်ခြင်း၊ မိခင်မှကလေးသို့ ကိုယ်ဝန်ဆောင်စဉ်၊မွေးဖွားစဉ်နှင့်မွေးဖွားပြီးနောက်တွင် ကူးစက်ခြင်းတို့အားလည်းကောင်း၊ ရောဂါပျိုးရက်အနေဖြင့် ရောဂါပိုးစတင်ဝင်ရောက်ပြီး ၁ ရက်မှ ၂၁ ရက်အတွင်း ရောဂါ လက္ခဏာများ စတင်ဖြစ်ပွားနိုင်ကြောင်းနှင့် သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများအနေဖြင့် မျက်နှာ၊ ပါးစပ်၊ လက်နှင့်ခြေထောက်၊ ခန္ဓာကိုယ်၊ စအိုဝန်းကျင်နှင့် လိင်အင်္ဂါများတွင်အနီကွက်များထွက်ခြင်း၊ အရည်ကြည်ဖုများပေါက်ခြင်း၊ ဖျားခြင်း(38.5°C)၊ အကြိတ်များရောင်ရမ်းခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ကျောအောင့်ခြင်းလက္ခဏာများ ဖြစ်ပွားတတ်ပါကြောင်းနှင့် ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ရန် လိုအပ်ပါကြောင်း၊ ကာကွယ်နိုင်မည့် နည်းလမ်းများအနေဖြင့် Mpox(မျောက်ကျောက်)ရောဂါ လက္ခဏာခံစားနေရသူနှင့် အရေပြားချင်း ထိတွေ့ခြင်းမျက်နှာချင်းဆိုင်အနီးကပ်ထိတွေ့ခြင်း၊ လိင်ပိုင်းဆိုင်ရာထိတွေ့ ဆက်ဆံခြင်းများကိုရှောင်ကြဉ်ပါ၊ အနီးကပ်ထိတွေ့မှုကို ရှောင်လွဲ၍မရပါက လက်အိတ် ဝတ်ဆင်ခြင်းနှင့် နှာခေါင်စည်း(Mask)ကို တပ်ဆင်ပါ၊သံသယရောဂါလက္ခဏာ ခံစားနေရသူ၏ အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ်ရာတွင် လက်အိတ်ဝတ်ဆင်ခြင်းနှင့် နှာခေါင်း စည်း(Mask)တပ်ဆင်ခြင်းပြုလုပ်ပါ၊ လက်ကိုဆပ်ပြာနှင့်ရေ သို့မဟုတ် အယ်လ်ကိုဟော အနည်းဆုံး (၆၀%)ပါဝင်သော ရေမလို လက်သန့်စင်ဆေးရည်အသုံးပြု၍ စနစ်တကျ ဆေးကြောပါ၊ လက်မဆေးဘဲ မျက်လုံးများကို ကိုင်တွယ်ခြင်းမပြုပါနှင့် ပါးစပ်၊ နှာခေါင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ကောင်းမွန်စေရန် ဆောင်ရွက်ပါ၊ နှာချေ၊ ချောင်းဆိုးသည့်အခါတွင် လက်ကိုင်ပဝါ သို့မဟုတ် တံတောင်ကွေးဖြင့် လုံခြုံစွာဖုံးအုပ်ပါ၊ အသုံးအဆောင်ပစ္စည်းများ(အိပ်ရာခင်း၊ မျက်နှာသုတ်ပဝါ၊ အဝတ်အထည်စသည့်များကို ရေ၊ ဆပ်ပြာနှင့်စနစ်တကျလျှော်ဖွပ်၍ အသုံးပြုပါ၊ တိရစ္ဆာန်များကို အကာအကွယ်မပါဘဲ မထိတွေ့ပါနှင့်၊ အသားများကို ကျက်အောင်ချက်ပြုတ်စားကြဖို့အား ပရိုဂျက်တာများဖြင့် ပြသရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်ပြီး ဟောပြောပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများ၏ သိလိုသည့် မေးမြန်းမှုများကို တာဝန်ရှိသူက ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါမုံရွာတက္ကသိုလ် မျောက်ကျောက်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲသို့ မုံရွာတက္ကသိုလ်ခေတ္တပါမောက္ခချုပ်ဆရာမကြီးနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များ၊ ကထိကများ၊ လက်ထောက်ကထိကကများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ သူများ စုစုပေါင်း ၈၅၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)