သံတောင်ကြီး ဩဂုတ် ၃၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း အကျိုးကျေးဇူးသိရှိစေရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာနေလှိုင်၏ အောင်မြင်ပြီးမြောက်ရေး၏ လျှို့ဝှက်ချက်များစာအုပ်အား ယမန်နေ့နေ့လယ် (၂) နာရီအချိန်က (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာသံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး နော်လားခူဖော (Book Club) အဖွဲ့ဝင်က စာအုပ်ပါအကြောင်းအရာတွင် ခေါင်းစဉ်ငယ်ဖြစ်သည့် စိတ်တန်ဖိုး ဆိုတာ၊ အလုပ်ရဲ့တန်ဖိုးဆိုတာနှင့် အခြားမှတ်သားဖွယ်ရာများ၊ မှန်ကန်မှုရဲ့တန်ဖိုး၊ အခိုင်းအစေနှင့် အရှင်သခင်စသည့် အကြောင်းအရာများအား စာဖတ်ဝိုင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး စောထူးလင်း(Youth Club) အဖွဲ့ဝင်က အစွမ်းသတ္တိ (ရဲစွမ်း)၊ ကိုယ့်ကိုယ်ကိုထိန်းချုပ်ခြင်းဆိုတာဟာ၊ စိတ်၏စွမ်းအင်၊ အဆုံးအဖြတ်ဆိုတာစသည့်အကြောင်းအရာများအား ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book Club/Youth Club အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါ စာရေးဆရာ နေလှိုင်၏ အောင်မြင်ပြီးမြောက်ရေး၏ လျှို့ဝှက်ချက်များ စာအုပ်ကိုဖတ်ရှုခြင်းကြောင့် သူတစ်ပါးအပေါ် အကောင်းမြင်စိတ်ဓာတ် မွေးလိုခြင်း၊ ဘဝရဲတန်ဖိုးကိုနားလည်လာခြင်းစသည့်အကျိုးကျေးဇူးများရရှိကြောင်း သိရသည်။
နော်နော်မူ