ဘားအံ ဩဂုတ် ၃၀
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေချောင်းရေများမြင့်တက်လာသည့်အတွက် သံလွင်မြစ်ကမ်းဘေး ကော့လှိုက်ကျေးရွာအုပ်စုအတွင်း မြစ်ကမ်းပြိုကျမှုများ ဖြစ်ပွားခဲ့ရာ ဇူလိုင်လ ၂၈ ရက်နေ့မှ ဩဂုတ်လ ၂၇ ရက်နေ့ထိ လူနေအိမ် (၁၆) လုံးကို ဖယ်ရှားပြောင်းရွှေ့ပေးခဲ့ရကာ ပြည်နယ်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးရေးဦးစီးဌာနမှ အရေးပေါ်မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကော့လှိုက်ကျေးရွာ သံလွင်မြစ်ကမ်းပြိုကျမှုကို အရေးပေါ်ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် သံလွင်မြစ် ရေစီးနှုန်းအရှိန်လျှော့ချခြင်း၊ ရေစီးအရှိန်ကြောင့်ကမ်းပါးများ ရေတိုက်စားမှုလျော့ချခြင်း၊ ကမ်းပါးမက်စောက်မှုကို လျော့ချ၍ သဲနှုန်းများအနည်ထိုင်စေရန်(Steel Cable Groyle) အရှည်(၁၅၀)ပေ(၈)ခု၊ သဲအိတ်ဆွဲရေမျှောဝါးဖောင် (၁၀၀)ပေ(၅)ခုတို့ကို ကရင်ပြည်နယ် အစိုးရအဖွဲ့အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲဆောင်ရွက်လျက်ရှိပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ဖြည့်စွက် ရန်ပုံငွေနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ငွေလုံးငွေရင်းရန်ပုံငွေတို့တွင် ဘတ်ဂျက်လျာထား၍ မူလကမ်းပါးပြိုကျမှုများ ကာကွယ်နိုင်ရေးနှင့် ကမ်းပါးအသစ်ထပ်မံပြိုကျမှုကို ကာကွယ်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ အရေးပေါ် မြစ်ကမ်းထိန်းလုပ်ငန်းများဆောင်ရွက်နေမှုကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်၊ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဩဂုတ်လ ၂၉ ရက်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက ဒေသခံကျေးရွာ လူထုနှင့်တွေ့ဆုံ၍ အားပေးစကားများပြောကြားပြီး ကမ်းထိန်းလုပ်ငန်းများမြန်ဆန်ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး၊ မြစ်ကမ်းပြိုကျမှုဆက်လက်မဖြစ်ပေါ်စေရေးအတွက် အရေးပေါ်ကာကွယ်ရန် လိုအပ်သည့်နေရာများကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ကော့လှိုက်ကျေးရွာ သံလွင်မြစ်ကမ်းပြိုကျမှုကြောင့် ဖယ်ရှားပြောင်းရွှေ့ခဲ့ရသော လူနေအိမ် (၁၆) လုံးအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ နေအိမ်အမျိုးအစားအလိုက် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေ(၂၅၀၀၀၀ဝိ/)၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးထောက်ပံ့ငွေ (၁၇၂၂၈၄၈)ကျပ်၊ ဆန်ရိက္ခာတစ်ပတ်စာထောက်ပံ့ငွေ(၁၇၄၃၀ဝိ/-)ကျပ်၊ စုစုပေါင်း (၄၃၉၇၁၄၈)ကျပ်ကို သက်ဆိုင်ရာတာဝန်ရှိသူများက ကျေးရွာအရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)