ရေတာရှည် သြဂုတ် ၃၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သာဂရမြို့ရှိ ဝဲဒေါင့်ကျေးရွာအုပ်စု ဝဲဒေါင့်ကျေးရွာ၊ ကျောင်းကုန်းကျေးရွာနှင့် ကျူဇောင်းကျေးရွာတို့တွင် စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် နေထိုင်ရန်အခက်အခဲရှိသူများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ အိမ်ထောင်စုများအလိုက် ပြောင်းရွှေ့စီစဥ် ဆောင်ရွက်ထားပြီး ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့်အဖွဲ့ဝင်များ၊ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များက ရေဝင်ရောက်သည့် ကျေးရွာများအား လှည့်ပတ်ကြည့်ရှုကာ သောက်ရေသန့်နှင့် အာဟာရဖြည့်အစားအစာများ ကူညီထောက်ပံ့ပေးလျက်ရှိသည်။
အဆိုပါကျေးရွာများတွင် စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် ကျေးရွာချင်းဆက်လမ်းအချို့ ရေကျော်ဝင်ရောက်ကာ သွားလာရန်ခက်ခဲမှုများရှိခြင်းကြောင့် သာဂရမြို့ရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်း ကန်ကြီးကျောင်းတိုက်တွင် အိမ်ထောင်စုဝင်(၅၅)ဦး၊ အေးသုခဓမ္မာရုံတွင် အိမ်ထောင်စုဝင်(၇၇)ဦးအား ခေတ္တပြောင်းရွှေ့နေထိုင်စေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငုဝါကျော်နှင့်အဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များက သောက်ရေသန့်၊ အာဟာရဖြည့်အစားအစာများနှင့် အဝတ်အထည်အမျိုးမျိုးအား ထောက်ပံ့ပေးလျက်ရှိကာ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ကြသူများအား ကျန်းမာရေးကောင်းမွန်မှုရှိစေရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်