လွိုင်ကော် ဩဂုတ် ၃၀
၂၀၂၄ ခုနှစ် ကယားပြည်နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်း ယခင်သန်းခေါင်စာရင်းကောက်ယူရေး ခက်ခဲခဲ့ရာမှ ယခုအချိန်ကောက်ယူနိုင်သည့် အခြေအနေသို့ ရောက်ရှိလာပြီဖြစ်ပါကြောင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များက မိမိလုပ်ငန်းတာဝန်အလိုက် အောင်မြင်အောင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အောက်တိုဘာလ(၁)ရက်နေ့မှ စတင်ကောက်ယူမည်ဖြစ်၍ ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများကို အချိန်မီပြီးစီးအောင် အဓိကထား၍ ပြင်ဆင်ဆောင်ရွက် သွားကြရန်လိုအပ်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်နယ်အတွင်းစာရင်းစစ်၊ စာရင်းကောက်သင်တန်းများ ပို့ချနေပြီဖြစ်၍ မြေပြင်စာရင်းကောက်ယူရေးလုပ်ငန်းများ အချိန်မီပြီးစီးစေရေး၊ ဘာသာစကား အခက်အခဲရှိသည့် နေရာများတွင် ဒေသခံများအား တာဝန်ပေးအပ်နိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်း စာရင်းကောက်နိုင်သည့်နေရာများတွင် အောင်မြင်အောင်ဆောင်ရွက်ရန်နှင့် တိုးချဲ့ကောက်ယူနိုင်သည့် နေရာများရှိပါက တိုးချဲ့ကောက်ယူနိုင်ရေး ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကယားပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းက ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူနိုင်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် သန်းခေါင်စာရင်းကော်မတီများက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းအစီအမံများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)