မုံရွာ၊ သြဂုတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မုံရွာမြို့၊ မြို့မရွှေဂူဘုန်းတော်ကြီးကျောင်း တိုက်အတွင်းရှိ လွန်ခဲ့သော (၇၄) နှစ်ကတည်ဆောက်ခဲ့ပြီး ပျက်စီးယိုယွင်းနေသော စန္ဒရံသီကျောင်းဆောင်အား ရှေးမူလပုံစံမပျက်ပြုပြင်မွမ်းမံခြင်းနှင့် ကျောင်းဝင်းအတွင်းရှိ လမ်းများအား ကတ္တရာလမ်းခင်း၍ ရေစက်ချလှူဒါန်းပွဲ အခမ်းအနားကို သြဂုတ်လ ၂၉ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ကြီးရှိ သီရိရံသီကျောင်းဆောင်၌ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး မုံရွာမြို့၊ မြို့မရွှေဂူကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တပဏ္ဍိတဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်ပြီး ဆရာတော်အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသော မေတ္တာသုတ်ပရိတ်တရားများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက နာယူကြည်ညိုပြီး ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။
ထို့နောက် မုံရွာမြို့၊ မြို့မရွှေဂူကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တပဏ္ဍိတ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာ တရားနာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းတိုက်ကြီးအတွင်းရှိ စန္ဒရံသီကျောင်းဆောင်အား ရှေးမူလပုံစံမပျက် အမိုးများ၊ မျက်နှာကျက်များ၊ ကြမ်းခင်းများနှင့် လျှပ်စစ်မီးလိုင်းများ ပြန်လည်ပြုပြင်မွမ်းမံထားရှိမှု များနှင့် ကျောင်းတိုက်ကြီးအတွင်းရှိ ပတ်လမ်းအရှည် ၂၂၂၀ ပေ၊ အကျယ် ၁၁ ပေအား ကတ္တရာလမ်းခင်းကျင်းပြီးစီးမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)